
ဂွါတီမာလာနိုင်ငံမှာ ဗိုလ်ကန်ဒေဖွှယ်ဂိုမီးတောင် ပေါက်ကွဲခဲ့တာကြောင့် အာဏာပိုင်တွေက ဒေသတွင်းမှာ အနီရောင်အဆင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဩဂုတ် ၄ ရက်မှာ ဂွါတီမာလာပြည်သူ ရာပေါင်းများစွာကို ခိုလှုံရေးစခန်းတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဘေးအန္တရာယ်လျော့ပါးရေး အမျိုးသားပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (CONRED) ရဲ့ အဆိုအရ မီးတောင်အနီးက ဒေသ ၁၈ ခုကို ဘေးလွတ်ရာ ရွှေ့ကြဖို့ ပြောထားပြီး ဩဂုတ် ၄ ရက်အထိ မီးတောင်အနီးနေ ဒေသခံ ၁,၆၉၉ ယောက်ကို ခိုလှုံရေးစခန်းတွေကို ရွှေ့ပေးထားပြီးပါပြီ။
သီးသန့်အနေနဲ့ ဆန်ဟွမ်းအာလိုတဲနန်းဂို မြို့နယ်ထဲက အယ်လ်ပေါ်ဗနီးရ်နဲ့ လာစ်လာဟီးတားစ် ဘက်တွေကို ရွှေ့ခိုင်းထားပါတယ်။
လောလောဆယ် ခိုလှုံရေးစခန်း ၅ ခု ဖွင့်ပေးထားပြီး နောက်ထပ် ၃ ခုကိုလည်း ပြင်နေပါတယ်။ ဒါပေမဲ့ တချို့ဒေသခံတွေကတော့ သူတို့နေအိမ်တွေ ခိုးယူဖောက်ထွင်းခံရမှာ စိုးရိမ်တာကြောင့် ထွက်မသွားချင်ကြပါဘူး။
ဂွါတီမာလာရဲ့ ဗိုလ်ကန်ဒေဖွှယ်ဂိုမီးတောင်ဟာ ဩဂုတ် ၃ ရက်ညပိုင်းမှာ စတင်ပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တာပါ။
အစပိုင်းမှာ “လိမ္မော်ရောင်အဆင့် သတိပေးချက်” ထုတ်ခဲ့ပေမဲ့ အခြေအနေတွေ ပိုဆိုးလာတာကြောင့် အာဏာပိုင်တွေက “အနီရောင်အဆင့် အရေးပေါ်သတိပေးချက်” အထိ တိုးမြှင့်လိုက်ပြီး ဒေသခံတွေကို အိမ်တွေထဲကနေ ချက်ချင်းထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။
မီးတောင်ရဲ့ တောင်စောင်းတွေအတိုင်း ပူပြင်းတဲ့ ပြာတွေနဲ့ ချော်ရည်စီးကြောင်းတွေ စီးဆင်းလာသလို မီးတောင်ကထွက်လာတဲ့ ပစ္စည်းတွေဟာ ပေ ၂၃,၀၀၀ နီးပါး (မီတာ ၇,၀၀၀ ကျော်) အထိ မြင့်တက်နိုင်ပြီး မိုင် ၇၀ ကျော် (၁၂၀ ကီလိုမီတာ) အကွာအဝေးထိ ရောက်သွားနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဂွါတီမာလာ ငလျင်၊ မီးတောင်၊ မိုးလေဝသနဲ့ ရေအောက်ဗေဒ အမျိုးသားအဖွဲ့အစည်း (INSIVUMEH) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မီးတောင်ဟာ ပြာတွေ၊ ဓာတ်ငွေ့တွေနဲ့ ချော်ရည်တွေကို ပြင်းပြင်းထန်ထန် ပန်းထွက်ရင်း ဆက်ပေါက်ကွဲနေတုန်းပဲလို့ သိရပါတယ်။
Source: Reuters










