
ရခိုင်-ဧရာဝတီနယ်စပ် တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ် အကျအဆုံးများနဲ့ နောက်ဆုတ်နေရပြီး လက်နက်ခဲယမ်းနဲ့ ရုပ်အလောင်းတချို့ကို သိမ်းဆည်းရမိတယ်လို့ AA က ဒီကနေ့ ဩဂုတ် ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်နေ့မှာ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ရုံးပင်ကျေးရွာ အနောက်မြောက်ဘက်မှာ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ပထမတိုက်ပွဲက နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ပစ်ကူအသုံးပြုပြီး ထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ဘက်က ပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က အကျအဆုံးရှိကာ ဆုတ်ခွာသွားခဲ့သလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနေ့ ဩဂုတ် ၂ ရက်နေ့ ညနေပိုင်းမှာလည်း အနီးတဝိုက်မှာ ဒုတိယအကြိမ် တနာရီကျော်ကြာ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ ထပ်မံထိုးစစ်ဆင်လာခဲ့ပေမဲ့ အကျအဆုံးရှိပြီး ဆုတ်ခွာသွားခဲ့ကာ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဩဂုတ် ၁ ရက်နေ့ကလည်း ဧရာဝတီတိုင်း သာပေါင်းမြို့နယ် သာပေါင်းကလေး ကျေးရွာအနီးမှာ ၂ နာရီနီးပါးကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲမှာလည်း လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်း-စစ်တွေ အစပ်ဒေသတွေမှာလည်း စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ပင်လယ်ပြင်က စစ်သင်္ဘောတွေနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်ဘက်က အကျအဆုံးများပြီး အသာစီးမရတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအားပြုလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတွေအပြင် ချင်းပြည်တောင်ပိုင်းနဲ့ အာရက္ခဒေသ နယ်စပ်တဝိုက်တွေကို တပြိုင်တည်း ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










