DVB Logo
Home
နိုင်ငံတကာ
လစ်ဗျားတွင် အစုလိုက်မြှုပ်နှံထားသည့် ရွှေ့ပြောင်းနေထိုင်သူ ၂၁ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ
DVB
·
January 17, 2026
လစ်ဗျားတွင် အစုလိုက်မြှုပ်နှံထားသည့် ရွှေ့ပြောင်းနေထိုင်သူ ၂၁ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ
Donate to DVB

လစ်ဗျားနိုင်ငံအရှေ့ပိုင်း အဂ်ျဒါးဘီးယားမြို့မှာ အစုလိုက်အပြုံလိုက်မြှုပ်နှံထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရုပ်အလောင်း ၂၁ လောင်းကို တွေ့ရှိခဲ့ပါတယ်။

ဒါအပြင် ဒီအုပ်စုအတွင်း အသက်ရှင်ကျန်ရစ်သူ ၁၀ ယောက်လောက်ကလည်း ဖမ်းဆီးခံရမှုကနေ လွတ်မြောက်မလာခင်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ လက္ခဏာတွေကို တွေ့ရှိရတယ်လို့ လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။ 

မြောက်အာဖရိကနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့  ဘန်ဂါဇီမှ ၁၆၀ ကီလိုမီတာအကွာလောက်ရှိ အဂ်ျဒါးဘီးယားမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာလောက်မှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့တာပါ။

သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်တဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေမှာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ရပြီးတော့ သူတို့ကို ဆေးရုံကိုပို့ပေးခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သူတို့နဲ့အတူ  တခြားရွှေ့ပြောင်း နေထိုင်သူတွေလည်း ရှိနေခဲ့ပြီးတော့ နောက်ပိုင်း ပျောက်သွားကုန်ကြတယ်လို့လည်း ပြောပြကြပါတယ်။ 

လုံခြုံရေးအာဏာပိုင်တွေက အဂ်ျဒါးဘီးယားမြို့အနီးရှိ ခြံတခြံမှာ ဆာဟာရအောက်ပိုင်း အာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးထားကြောင်း သတင်းရရှိပြီးနောက်မှာ အဲဒီခြံကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြေပိုင်ရှင်ကို ဖမ်းဆီးခဲ့ပြီး သူ့ပိုင်ဆိုင်မှုထဲမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းတခု ရှိနေတာကို ဝန်ခံခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေ ဘယ်လိုသေဆုံးခဲ့ရကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း လုံခြုံရေးသတင်းရင်းမြစ်တယောက်က  ပြောပါတယ်။ 

၂၀၁၁ ခုနှစ်မှာ နေတိုး ကျောထောက်နောက်ခံပြု အုံကြွမှုကြောင့် အာဏာရှင် ကဒါဖီ ပြုတ်ကျသွားပြီးချိန်ကတည်းက ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုမှ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် လစ်ဗျားနိုင်ငံဟာ သဲကန္တာရကိုဖြတ်ပြီး မြေထဲပင်လယ်ကို ကျော်ကာ အန္တရာယ်ရှိတဲ့လမ်းကြောင်းတွေမှတဆင့် ဥရောပကိုဝင်ရောက်မဲ့ လမ်းကြောင်းတခု ဖြစ်လာပါတယ်။

ရေနံကိုအခြေခံထားတဲ့ လစ်ဗျားစီးပွားရေးဟာ အလုပ်ရှာဖွေနေတဲ့ ဆင်းရဲသား ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ဆွဲဆောင်မှုတခုဖြစ်ပေမဲ့ ကျယ်ပြန့်တဲ့နိုင်ငံတဝန်း လုံခြုံရေးညံ့ဖျင်းတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အလွဲသုံးစားပြုခံရနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013