DVB Logo
Home
မြန်မာသတင်း
ဂမ်ဘီယာတင်သွင်းသည့် အချက်အလက်များ ယုံကြည်စရာမကောင်းဟု ဦးကိုကိုလှိုင်ပြော  
DVB
·
January 17, 2026
ဂမ်ဘီယာတင်သွင်းသည့် အချက်အလက်များ ယုံကြည်စရာမကောင်းဟု ဦးကိုကိုလှိုင်ပြော  
Donate to DVB

ကုလသမဂ္ဂက ဖွဲ့စည်းခဲ့တဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အချက်အလက်တွေဟာ ယုံကြည်စရာမကောင်းဘူးလို့ ကုလသမဂ္ဂရဲ့တရားရုံးမှာ စစ်ကောင်စီကိုယ်စားလှယ်က ပြောပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံကနေ စွပ်စွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၁၆  ရက်မှာ စစ်ကောင်စီခန့် သမ္မတရုံးဝန်ကြီးဌာန-၂ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ခုခံချေပ  လျှောက်လဲရာမှာ ပြောဆိုခဲ့တာပါ။

ဂမ်ဘီယာနိုင်ငံက တင်သွင်းတဲ့အချက်အလက်တွေနဲ့ ရှာဖွေစုံစမ်းမှုတွေဟာ သာမန် အချက်အလက်တွေပဲဖြစ်ပြီး ဘက်လိုက်မှုရှိသလို သူတို့ရဲ့ ရှေ့နေတွေနဲ့ သက်သေတွေကို အတူတူထားတာ၊ ကိုယ်စားလှယ်အဖွဲ့ဝင်တွေမှာ NGOs အဖွဲ့ဝင်တွေ ပါနေတယ်လို့ ဦးကိုကိုလှိုင်က ပြောပါတယ်။

“အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ ၂၀၁၈ ခုနှစ်က ကောက်ချက်များအပေါ် အခြေခံပြီး ဒီအမှုကို ဂမ်ဘီယာက တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ယုံကြည်စိတ်ချရမှုမရှိသည့်အပြင် ဘက်လိုက်မှုရှိတဲ့ အရင်းအမြစ်ကိုသာ ဆက်လက်၍ ကိုးကားနေပါတယ်။ ထိုကဲ့သို့ ကိုးကားတင်သွင်းခြင်းဟာ မြန်မာနိုင်ငံအပေါ် တရားစီရင်မှုမပြုမီကြိုတင် ပြစ်ဒဏ်ခတ်ခြင်းသာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ဂမ်ဘီယာဟာ(FFM)ရဲ့ အစီရင်ခံစာများက သက်သေအထောက်အထားများမှာ ခိုင်မာတဲ့ အထောက်အထားများဖြစ်အောင် ကြိုးပမ်းခဲ့ခြင်းမရှိပါ။ ၎င်းတို့သည် ထိုအစီရင်ခံစာများကိုသာ အမှန်တရားများအဖြစ် ဆက်လက်စွဲကိုင်နေပြီး တရားရုံးမှ လက်ခံပေးရန် တောင်းဆိုနေပါတယ်” လို့ ပြောပါတယ်။

အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ၂၀၂၇ ခုနှစ်၊ မတ် ၁၇ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေအတွင်း မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက အခြေအနေတွေကိုပါ စုံစမ်းဖို့ တာဝန်ပေးခံခဲ့ရတာပါ။

၂၀၁၈ ခုနှစ်မှာ သူတို့ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဂျီနိုဆိုက် မြောက်နိုင်တဲ့ အခြေအနေရှိကြောင်းနဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဦးကိုကိုလှိုင်ကတော့ ဒီအချက်အလက်တွေကို မခိုင်မာဘူးလို့ ဆိုသလို နယ်မြေရှင်းလင်းရာမှာ အင်အား အလွန်အကျွံသုံးရင်တောင် လူမျိုးသုဉ်းစေမှု မဟုတ်ဘူးလို့ ပြောပါတယ်။

“ဂမ်ဘီယာနိုင်ငံရဲ့ အတည်မပြုနိုင်တဲ့ တဆင့်စကားများနဲ့ ဘယ်သူထွက်ဆိုလို့ ထွက်ဆိုထားမှန်းမသိတဲ့ သက်သေထွက်ဆိုချက်များအပေါ် အသိအမှတ်ပြု ဆောင်ရွက်မည်ဆိုပါက ချေပရန် အခက်အခဲ ဖြစ်စေမှာဖြစ်ပါတယ်။

ဒီအမှုကို ဆုံးဖြတ်ရာမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို ချန်လှပ်ထားလို့မရပါ။ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် နယ်မြေရှင်းလင်းရေး (Clearance Operations)များ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ ဂမ်ဘီယာက ARSA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ငြင်းဆိုထားခြင်းမရှိပေမဲ့ အစိုးရကလိုအပ်လို့ တုံ့ပြန်ဆောင်ရွက်မှုတွေကိုတော့  ငြင်းဆိုလိုတဲ့သဘောရှိပါတယ်။ တုံ့ပြန်ရာမှာ အင်အားအလွန်အကျွံသုံးခဲ့တယ်လို့ ဂမ်ဘီယာက အဓိကပြောလိုခြင်းသာ ဖြစ်ပါတယ်။ တကယ်လို့ အင်အားအလွန်အကျွံ သုံးခဲ့မယ်ဆိုရင်တောင်  လူမျိုးတုံးစေမှု မြောက်မှာမဟုတ်ဘူးလို့လည်း စစ်ကောင်စီ ကိုယ်စားလှယ်က ပြောပါတယ်။

ဦးကိုကိုလှိုင်က သက်သေတွေမခိုင်မာဘူးလို့ ငြင်းနေပေမဲ့ ကုလသမဂ္ဂဘက်ကတော့ အာဏာသိမ်းစမှာကလည်းက CDM စစ်သားတွေကို မေးမြန်းစုံစမ်းထားခဲ့ပြီး အဲဒီတုန်းက အမုန်းတရားနဲ့ အချက်အလက်မှားတွေဖြန့်ဝေခဲ့တဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ပေါင်းများစွာရဲ့ အချက်အလက်တွေကိုလည်း ရရှိထားပါတယ်။

FFM အဖွဲ့ သက်တမ်းကုန်သွားတဲ့အခါ သူတို့ စုဆောင်းထားတဲ့ အထောက်အထားတွေကို ဆက်လက် ထိန်းသိမ်းဖို့နဲ့ တရားစွဲဆိုနိုင်တဲ့အဆင့်အထိ ပြင်ဆင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (Independent Investigative Mechanism for Myanmar - IIMM) ကို ကုလသမဂ္ဂက ဖွဲ့စည်းခဲ့ပြီး IIMM ကတော့ အခုထက်ထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ICJ မှာ မြန်မာနိုင်ငံအနေနဲ့  ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀ ရက်အထိ တကြိမ်၊ ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ တကြိမ်၊ ၂ ကြိမ် လျှောက်လဲချေပခွင့်ရမှာ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံကတော့  ဇန်နဝါရီ ၁၂ ရက်ကနေ ၁၅ ရက်အထိ လျှောက်လဲချက် တင်သွင်းပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013