
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာ ဇန်နဝါရီ ၁၄ ရက်က စစ်ကောင်စီရေတပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သဖန်းချောင်းကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်လင်မယား ၂ ယောက် သေဆုံးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်းမှာ စစ်ကောင်စီရေတပ်က သဖန်းချောင်းကျေးရွာကို လက်နက်ကြီးကျည် ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကျောက်ဖြူဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီနေဗီကနေ သဖန်းချောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာ စစ်ရှောင်တွေနေထိုင်တဲ့ တဲမှာ လက်နက်ကြီးကျည် ကွက်တိကျပြီး ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင်လင်မယား ၂ ဦးသေဆုံးခဲ့ကြတယ်။ အခင်းဖြစ်တဲ့နေရာမှာတင် ၂ ဦးလုံး ဆုံးသွားတာ။ လက်ရှိ ရွာသားတွေပါ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်။”
လက်နက်ကြီးကြောင့် ဦးကျော်ဝင်းထွန်း (၃၄နှစ်) နဲ့ ဒေါ် ခင်လင်းစိုး (၃၀ နှစ်) တို့ လင်မယား သေဆုံးသွားတာဖြစ်ပြီး ရုပ်အလောင်းတွေကို ဇန်နဝါရီ ၁၄ ရက်မှာ မြှုပ်နှံခဲ့ကြတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြပြီး နေရပ်စွန်ခွာစစ်ဘေးရှောင်နေရသူ ၆ သောင်းကျော်အထိရှိလာပြီလို့ ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။










