
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ ဒေသခံတွေ မရိတ်သိမ်းနိုင်ဘဲကျန်နေခဲ့တဲ့ စပါးခင်းတွေကို စစ်တပ်က ရိတ်သိမ်းတာ၊ ဖျက်ဆီးတာတွေအပြင် ကျွဲနွားတွေကိုပါ သတ်ဖြတ်စား သောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူက ဒေသခံတွေဟာ ၂၀၂၃ ခုနှစ်ကတည်းစစ်ဘေးရှောင်ခဲ့ရပြီးနောက် ယာယီ ငြိမ်သွားချိန်မှာ နေရပ်ပြန်လုပ်ကိုင်စားသောက်ခဲ့ကြပေမဲ့ ၂၀၂၄ ခုနှစ်မှာတော့ နောက်တကြိမ် စစ်ရှောင်ခဲ့ရပြီး လုပ်ပြီးသား လယ်၊ ယာမြေတွေကို ထပ်မံစွန့်ပစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူ ဇင်ချောင်း လူငယ်ပရဟိတအသင်းဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက “စစ်ဘေးရှောင်တွေက အသုတ်လိုက်စီ စစ်ရှောင်လာကြပါတယ်။ တရွာနဲ့တရွာ စစ်ရှောင်တဲ့ရက်တွေမတူကြပါဘူး။ တချို့က စပါးတွေမစိုက်ခင် စစ်ရှောင်လာကြတယ်။ တချို့ စပါးစိုက်ပြီးမှ စစ်ရှောင် လာကြတာ ရှိပါတယ်။ ဒီတော့ စပါးစိုက်ထားတဲ့သူတွေမှာ စပါးတွေဒီအတိုင်းကျန်ခဲ့တယ်။ စစ်ကောင်စီက ရွာနားတွေထိနီးကပ်လာတော့ ကျွဲ၊ နွားတွေကိုပါမယူနိုင်ခဲ့ကြဘူး။ ဒီတော့ စစ်ကောင်စီက ဒေသခံ တွေကျန်ခဲ့တဲ့ စပါးတွေကို ရိတ်တယ်။ နွားကျွဲတွေကိုလည်းသတ်ပြီး စစ်တပ်ထဲမှာလည်း ရောင်းတယ်။ မြို့ပေါ်မှာလည်း ရောင်းစားတာတွေရှိပါတယ်။ တချို့အိမ်တွေဆို မီးရှို့ဖျက်ဆီးခံရတာ ရှိပါတယ်။ ဒေသခံတွေအတွက် တကယ်ဆုံးရှုံးမှုပေါ့ဗျာ” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကစလို့ ဓညဝတီရေတပ်ဌာနချုပ်နဲ့ အမှတ်(၃၂)ရဲတပ်ရင်းတို့မှာ တိုက်ပွဲစတင်ဖြစ်ပွားလာပြီး ပြိုင်းစေ့ကေ၊ လိပ်ခမော်၊ မင်းပြင်၊သိုင်းချောင်းစတဲ့ နေရာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂၀၂၆ ခုနှစ်မှာတော့ ကျောက်ဖြူ-စနဲ လမ်းပိုင်း၊ အဝတောင်ရွာနဲ့ တောင်မော်ဦး ရေတပ်စခန်းအထိ တိုက်ပွဲဧရိယာကျယ်ပြန့်လာတဲ့အတွက် တိုက်ပွဲမရှောင်ဘဲ ကျန်နေခဲ့တဲ့ ဒေသခံ သောင်းနဲ့ချီ ထပ်မံစစ်ရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူဒေသခံ စစ်ရှောင်အမျိုးသမီးတယောက်က “တိုက်ပွဲရှောင်တာ ၅ လရှိပါပြီ။ အရီးတို့ရွာ က သူတွေက လယ်လုပ်စားကြတာပါ။ အရီးမှာက ဆန် ၅၀ တောင်းလောက် ကျန်ခဲ့တယ်။ ကျန်တဲ့ရွာသားတွေမှာလည်း ၁၀၀၊ ၂၀၀၊ ၃၀၀ အနည်းအများကျန်ခဲ့ကြပါတယ်။ ထွက်ပြေး လာတုန်းက ဘာမှမယူနိုင်ခဲ့ဘူး။ စစ်ကောင်စီက ဗုံးမကြဲဘူးဆိုရင် ရွာမှာနေနိုင်သေးတယ်။ အခု နေ့တိုင်းဗုံးကြဲတယ်။ တိုက်ပွဲတိုက်ရင် သက်ဆိုင်တဲ့နေရာမှာပဲတိုက်ကြပါလား။ အခုက ကျမတို့ နေတဲ့ရွာတွေကိုဗုံးကြဲတယ်။ ကျွဲ၊ နွားတွေကိုလည်းထားခဲ့ရတယ်။ ဆန်၊ ဆီ၊ ဆား တွေက ထောက်ပံ့ မှု ရပေမဲ့ ငွေမရှိတော့ ဟင်းတွေမဝယ်စားနိုင်ဘူး။ သားသမီးတွေကိုလည်း ကျောင်းမထားနိုင်ဘူး။ အထောက်အပံ့ငွေကြေးကူညီပေးဖို့လည်း မျှော်လင့်နေပါတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်တပြည်လုံးမှာ စပါးစိုက်ဧက ၁၂ သိန်းကျော်လောက်ရှိပြီး တိုက်ပွဲတွေကြောင့် ၂၀၂၃ ကနေစလို့ စိုက်ပျိုးဧရိယာ ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားအသင်းရဲ့စာရင်းတွေအရ သိရပါတယ်။
ကျောက်ဖြူဒေသခံ စစ်ရှောင်အမျိုးသားတယောက်က “ကိုယ့်ချွေးသွေးနဲ့လုပ်ပြီး သားသမီး၊ သားမယားစားဖို့လုပ်ထားတဲ့ စပါးခင်းတွေကို မစားရတဲ့အပြင် ဖျက်ဆီး၊ ရိတ်သိမ်းတာတွေ ကြားရတော့ တကယ်ဝမ်းနည်း ကြေကွဲမိတာတော့အမှန်ပါ။ ရင်လည်းနာပါတယ်။ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲ၊ တာဝေးကနေ လက်နက်ကြီးတွေနဲ့ ရေကြောင်းကပစ်။ ပြည်သူတွေက ကျီးလန့်စာစားနေသလိုဖြစ်နေရပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ရွာပေါင်း ၁၈ ရွာက လူဦးရေ ၁၈,၀၀၀ လောက်ဟာ ဒီနှစ်မိုးရာသီ စပါးစိုက်ဧက ၂,၀၀၀ ကျော်ကို စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရ ပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်နဲ့ စနဲမြို့ကြား၊ အဝတောင်ဝန်ကျင်၊ တောင်မော်ဦး ရေတပ်စခန်း ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ရှိနေပါတယ်။











