
တရုတ်နိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဟာ Aveox Inc. အပါအဝင် အမေရိကန် အဖွဲ့အစည်း ၁၀ ခုကို နိုင်ငံရဲ့ ပို့ကုန်ထိန်းချုပ်ရေးဥပဒေ၊ အရပ်ဘက်-စစ်ဘက် ၂ မျိုးသုံးပစ္စည်းများ တင်ပို့မှု ထိန်းချုပ်ရေး စည်းမျဉ်းတွေနဲ့အညီ ပို့ကုန်ထိန်းချုပ်ရေးစာရင်းထဲ ထည့်သွင်းလိုက်ပြီး ပစ္စည်းတင်ပို့မှုကိုလည်း ပိတ်ပင်ကြောင်း ဇွန် ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
တခြားကုမ္ပဏီ ၄၆ ခုကိုတော့ အစိုးရ အဝယ်တော်လုပ်ငန်းတွေမှာ မသုံးဖို့ ပိတ်ပင်လိုက်ပါတယ်။
ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီလုပ်ဆောင်ချက်ဟာ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့၊ အဖျက်စွမ်းအားပြင်းလက်နက်များ မပြန့်ပွားရေးလိုမျိုး နိုင်ငံတကာ လုပ်ငန်းတာဝန်တွေကို ကျေပွန်ဖို့အတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရက ‘တရုတ်စစ်ဘက်ကုမ္ပဏီများ’ ဆိုပြီး စွပ်စွဲစာရင်းသွင်းခဲ့တဲ့ ဆိုးဝါးတဲ့လုပ်ရပ်ဟာ တရုတ်လုပ်ငန်းတွေရဲ့ ရပိုင်ခွင့်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့လို့ အခုလို တုံ့ပြန်အရေးယူမှုတွေ မလုပ်မဖြစ် လုပ်ရတာလို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟေးယဒုံးက ရှင်းပြပါတယ်။
အရေးယူခံရတဲ့ အမေရိကန်ကုမ္ပဏီအားလုံးဟာ စစ်ဘက်နဲ့ ဆက်နွှယ်နေတာမို့ အမေရိကန်အနေနဲ့ ဒီအမှားတွေကို ချက်ချင်းရပ်ပြီး နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်အောင် လက်တွဲလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒီနေ့မှာပဲ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း လော့ခ်ဟိ(ထ်) မာတင် ကော်ပိုရေးရှင်းနဲ့ ရေသီယွန် ဒုံးကျည်နဲ့ ကာကွယ်ရေးလုပ်ငန်း အပါအဝင် သတ်မှတ်ထားတဲ့ အမေရိကန်ကုမ္ပဏီ ၄၆ ခုရဲ့ ထုတ်ကုန်တွေကို အစိုးရအဝယ်တော်လုပ်ငန်းတွေမှာ မဝယ်ဖို့ ပိတ်ပင်လိုက်ပါတယ်။
တဖက်မှာလည်း တရုတ်-အမေရိကန် အခွန်ကောက်ခံမှုဆိုင်ရာ ကုန်သွယ်ရေးဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဟေးယဒုံးက “နှစ်ဖက်သဘောတူညီချက်အရ ကုန်သွယ်ရေးကောင်စီတခု ဖွဲ့စည်းသွားမှာဖြစ်ပြီး အပြန်အလှန် အခွန်လျှော့ချရေး ကိစ္စတွေကို ရှေ့ဆက် ဆွေးနွေးသွားမယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံကြား လေယာဉ်နဲ့ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုတွေမှာ ပူးပေါင်းဆောင်ရွက်တာဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမဲ့ (Win-win) သဘောသဘာဝ ရှိတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
Source: Reuters










