DVB Logo
Home
မြန်မာသတင်း
အအေးဒဏ်ကြောင့် အညာဒေသက စစ်ရှောင်သက်ကြီးရွယ်အိုအချို့ သေဆုံး
DVB
·
January 14, 2026
အအေးဒဏ်ကြောင့် အညာဒေသက စစ်ရှောင်သက်ကြီးရွယ်အိုအချို့ သေဆုံး
Donate to DVB

အညာဒေသမှာ ဆောင်းရာသီ အအေးပိုတဲ့ဒဏ်နဲ့ စိတ်ပင်ပန်းတဲ့ဒဏ်တွေကြောင့် သက်ကြီးရွယ်အိုတချို့ ကွယ်လွန်သွားတာရှိတယ်လို့  စစ်ရှောင်ရေး ကူညီပေးနေသူက DVB ကို ပြောပါတယ်။

ဒီနှစ်ဆောင်းတွင်းမှာ မြန်မာနိုင်ငံ အနှံ့အပြားက မြို့တွေမှာ အအေးပိုနေပါတယ်။ ဒီရက်ပိုင်းမှာ အညာဒေသက စစ်ကိုင်းတိုင်းမှာ ညအပူချိန် ၁၀ ဒီဂရီအထိ ကျဆင်းသလို မကွေးတိုင်းမှာလည်း ၁၆ ဒီဂရီအထိ ကျဆင်းတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီလို အအေးပိုတာဟာ ကိုယ့်အိုးကိုယ့်အိမ်မှာ သာမန်နေထိုင်နေတဲ့ လူတွေအတွက် ပြဿနာသိပ်မရှိပေမဲ့ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်နေရတဲ့ အညာဒေသက စစ်ရှောင်တွေအတွက်တော့ မထောင်းသာလှပါဘူး။

အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေဟာ ဒီအအေးဒဏ်ကို ခံနေရတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေက ဆိုပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ရှောင်အရေး ကူညီသူ ကိုထွေးဟာ အရင်က အသက် ၈၀ ကျော် မိဘနှစ်ပါးနဲ့အတူ စစ်ရှောင်နေခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီလို အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရင်း သူ့မိဘနှစ်ပါးဟာ ရာသီဥတုဒဏ်၊ စိတ်ပင်ပန်းတဲ့ ဒဏ်တွေကြောင့် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြပါတယ်။

သူ့မိဘတွေတင်မကပါဘူး၊ အညာဒေသရဲ့ ပြင်းထန်တဲ့ ရာသီဥတုကြားမှာ အိုးပစ်အိမ်ပစ် စစ်ရှောင်နေကြရတဲ့ သူတို့အရပ်က စစ်ရှောင်သက်ကြီးရွယ်အိုတွေ သေဆုံးနေကြရတယ်လို့ ကိုထွေးက ပြောပါတယ်။

“ရာသီဥတု အခြေအနေက သူတို့အပေါ် သက်ရောက်မှုရှိတယ်။ ဒီနှစ်ဆောင်းကတော့ တော်တော်ကို အေးပါတယ်။ အခုရက်ပိုင်းမှာတော့ စစ်ရှောင်တွေရော အရပ်ထဲက သက်ကြီးပိုင်းတွေလည်း သေကြတာပါ။ စစ်ရှောင် သက်ကြီးရွယ်အိုတွေကတော့ မကျန်သလောက်ကို ဖြစ်နေပါပြီ။ အသက်ကြီးတဲ့သူဆိုတော့ ကိုယ့်အိမ်ကိုယ် နေချင်တာပေါ့။ သူတို့ နောက်ဆုံးထွက်သက်မှာ ကိုယ့်အိမ်ကိုယ် ခေါင်းချချင်တာပေါ့။ ကျနော်တို့က ရွာမှာမနေရဲဘဲ ရှောင်လာကြတော့ တောတွေထဲမှာ ဆုံးကြတာပေါ့။”

မြန်မာနိုင်ငံအလယ်ပိုင်းက တိုက်ပွဲတွေ အများဆုံးရှိတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ဒေသလူဦးရေ ၁ သန်းကျော်ဟာ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရပြီး ဒါဟာ တနိုင်ငံလုံးက နေရပ်စွန့်ခွာဦးရေရဲ့ ၃ ပုံ တပုံ ရှိပါတယ်။

စစ်ရှောင်တွေဟာ ဘုန်းကြီးကျောင်း၊ တောတိုက်တွေ၊ ဇရပ်နဲ့ သစ်ပင်ရိပ်တွေမှာ လှည်းထိုးပြီး ဖြစ်သလို နေထိုင်ကြရတဲ့အပြင် ရာသီဥတုဒဏ်ကို ကာကွယ်ဖို့လည်း ဘာမှ ပြည့်စုံလုံလောက်အောင် ရှိမနေဘူးလို့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်ရှောင်အရေး ကူညီသူတယောက်က ပြောပါတယ်။

“ပြည်သူတွေက စစ်ကြောင်းဝင်လို့ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပေးကြတဲ့အချိန်မှာ တောထဲမှာ ပြေးကြတယ်ပေါ့။ ဒီဘက်ကိုလည်း ထွက်လို့လည်း မရဘူး၊ ဟိုဘက်ကိုလည်း သွားလို့မရဘူး၊ အဲလိုဖြစ်ပြီး တောထဲမှာ နေနေရတယ်ပေါ့။ အဲလိုဆိုတော့ ၂ ရက်ဆက်တိုက်လောက် နေပြီးသွားတဲ့အချိန်မှာ အအေးပတ်ပြီး ဖျားနာတယ်။ သက်ကြီးဘိုးဘွားတွေဆို သေဆုံးတာတွေလည်း ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ လိုအပ်နေတယ်။ သေဆုံးသူက လတ်တလောမှာတော့ ၄ ဦးလောက်တော့ ခန့်မှန်းချေရှိတယ်။ ကိုယ်လွတ်ရုန်း ပြေးလာရတယ်ပေါ့နော်။ လောလောဆယ်မှာ သူတို့ စောင်တွေ အဝတ်တွေလည်း ဘာမှပါမလာဘူးပေါ့နော်။”

ဆားလင်းကြီးမြို့နယ်ဘက်မှာလည်း ဝမ်ပေါင် ကြေးနီစီမံကိန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာတွေကြောင့် ဝမ်ပေါင်စီမံကိန်းအနီးက ကျေးရွာပြည်သူတွေက ၂၀၂၃ ခုနှစ်ကုန်ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရတာပါ။

စစ်ကိုင်းတံတားမှာ စစ်ကောင်စီက စစ်ဆေးမှု တင်းကျပ်ထားပြီး စားနပ်ရိက္ခာ၊ စောင်နဲ့ အဝတ်အထည် တင်သွင်းခွင့်တွေကိုလည်း စစ်ကောင်စီက တင်းကျပ်ထားတဲ့အတွက် စစ်ဘေးရှောင်တွေက အကူအညီ အထောက်အပံ့တွေလည်း မရရှိသလောက် နည်းပါးသွားပြီလို့ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ အကူအညီတွေ မရရှိကြတဲ့အတွက် အရင်နှစ်တွေက အလှူရှင်တွေ ပေးထားတဲ့ စောင်တွေကို ဝေမျှအသုံးပြုနေရပြီး အရမ်းအေးတဲ့ညတွေမှာတော့ မီးလှုံပြီး နေကြရတယ်လို့ ဆားလင်းကြီးနယ်က စစ်ဘေးရှောင်တယောက်က ပြောပြပါတယ်။

“ရာသီဥတုက အေးတယ်၊ နေ့လယ်နေ့ခင်းတွေဆို အတော်အေးတယ်၊ စောင်တို့ အနွေးထည်တို့ကတော့ အရင်က ဝေထားတာလေးတွေလည်း ရှိတယ်လေ။ စောင်လေးတွေ ခေါင်းအုံးလေးတွေကတော့ အရင်က ပေးထားတာလေးတွေ သုံးနေရတယ်။ အေးတယ်၊ တခါတလေကျရင်တော့ မီးလေးဘာလေး လှုံတာပဲ။”

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့ အပစ်ရပ်ပြီးနောက်ပိုင်း စစ်တပ်က စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ မြေပြင်စစ်ကြောင်းတွေ ပိုထိုးနေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ပိုမိုလုပ်ဆောင်နေတဲ့အတွက် နေရပ်စွန့်ခွာသူ အရေအတွက်ဟာလည်း တနေ့တခြား တိုးတက်လာပါတယ်။

အဲဒီစစ်ရှောင်တွေဟာ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်စနစ်အရ ကုန်ပစ္စည်းတွေကို ပိတ်ပင်တာနဲ့ ကူညီမဲ့အလှူရှင် နည်းပါးလာတာတွေကြောင့် စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အခက်ကြုံနေကြရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013