DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ညမွှေးပန်းပင် ဆေးဖက်ဝင်
DVB
·
January 14, 2026
နွေဦးပြည်သူတို့အတွက် ညမွှေးပန်းပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ညမွှေးပန်းပင်ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ညမွှေးပန်းပင်ကို သိပ္ပံလို Nyctanthes arbor tristis လို့ခေါ်ပြီး အင်္ဂလိပ်လို  Night-flowering Jasmine, Coral jasmine, Night Jasmine, Sad Tree, Tree-of-Sorrow, Tree of Sadness, Parijat, Lover’s Tree, Har Singar, and Queen of the Night. လို့ခေါ်ကြပါတယ်။

ညမွှေးပန်းပင်အရွက်မှာ fructose, glucose, carotene, amorphous resin, methyl salicylate, ascorbic acid, benzoic acid, tannic acid, oleanolic acid , flavanol glycosides ညမွှေးပန်းပင် အခေါက်မှာ alkaloid , glycoside ညမွှေးပန်းပွင့်မှာ essential oils,glycosidesနဲ့ ညမွှေးပန်းအစေ့မှာ palmitic, oleic,myristic acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယား-ဗိုင်းရပ်စ် ပိုးသတ်ဆေး/ မှိုသတ်ဆေးအာနိသင်ရှိခြင်း၊ သကြားဓာတ်ထိန်းညှိပေးခြင်း၊ သွေးတွင်းအဆီကို လျော့ချပေးခြင်း၊ ချောင်းဆိုးခြင်းကို သက်သာစေခြင်း၊ သန်ကောင်ဝင်ရောက်ခြင်း တားဆီးခြင်းစတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ညမွှေးပန်းပင်မှာ ပြင်းထန်တဲ့အကိုက်အခဲပျောက်ဆေးနဲ့ ရောင်ရမ်းမှုဆန့်ကျင် ဂုဏ်သတ္တိများ ပါဝင်တာကြောင့် အဆစ်နဲ့ ကြွက်သားများ နာကျင်ကိုက်ခဲမှုကို လျှော့ချပေးပါတယ်။ အဆစ်အမြစ်ကိုက်ခဲနာကျင်ခြင်းများမှာ ညမွှေးပန်းရွက် ၆-၇ ရွက်ကို ကြိတ်ချေပြီး ရေ ၁ ဖန်ခွက်နဲ့ ပြုတ်ပြီး အအေးခံကာ မနက် ဗိုက်ထဲအစာမရှိချိန်မှာ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

ညမွှေးပန်းပင်မှာ အစွမ်းထက်တဲ့ ရောင်ရမ်းမှု တိုက်ဖျက်ရေး၊ ဇီဝပိုးသတ်ဆေးနဲ့ ပန်းနာရင်ကျပ် ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ သာမန်အအေးမိ၊ လည်ချောင်းနာ၊ ချောင်းဆိုးတာနဲ့ တုပ်ကွေးရောဂါတွေမှာ အရွက်/အပွင့်ရေနွေးပူပူ ရေနွေးကြမ်း ပန်းကန် ၁ ခွက်ကို ပျားရည်ကော်ဖီ ၁ ဇွန်းနဲ့ အစာအိမ်ဗိုက်ထဲမှာ အစာမရှိချိန် တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် အဆုတ်၊ ရင်ဘတ်နဲ့ နှာခေါင်းအတွင်းရှိ သလိပ်အမှုန်အမွှားများကို လျော့ပါးစေပြီး အသက်ရှုရလွယ်ကူစေပါတယ်။

ညမွှေးပန်းပင်မှာ ပြင်းထန်တဲ့ဘက်တီးရီးယားဆန့်ကျင်ခြင်း၊ ဗိုင်းရပ်စ်နဲ့ မှိုသတ်နိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ဒဏ်ရာ/အနာတွေကို အမြန်ကျက်စေတာကြောင့်  အရေပြားပြဿနာတွေဖြစ်တဲ့ ထိခိုက်ရှနာ၊ ယားယံနာ၊ အနာစိမ်းနဲ့ အရေပြားမှို စတဲ့ ရောဂါတွေမှာ အရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

ညမွှေးပန်းရွက်မှာ အစွမ်းထက်ကပ်ပါးပိုးဆန့်ကျင်အာနိသင်ပါဝင်လို့  ငှက်ဖျားကပ်ပါးပိုး ကြီးထွားမှုကို လျော့ချပေးတာကြောင့် အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် ငှက်ဖျားပိုးအရေအတွက်ကို လျော့ပါးစေပြီး အဖျားမြင့်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အော့အန်ခြင်း၊ တက်ခြင်း တို့ကို သက်သာစေပါပြီး ရောဂါပိုးပိုမိုဆိုးရွားလာခြင်းကို ကာကွယ်ပေးပါတယ်။

အပွင့်နဲ့ အရွက်ရဲ့ အစာချေအာနိသင်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းရှိ အစာအမှုန်တွေကို ချေဖျက်ရာမှာ ကူညီပေးပြီး အစာချေရည်များ ထုတ်လွှတ်မှုကို အားကောင်းစေပြီး မရှိမဖြစ်လိုအပ်သော အာဟာရများကို အူလမ်းကြောင်းမှ စုပ်ယူမှုကို တိုးမြင့်စေကာ လေပွခြင်း၊ ဝမ်းဗိုက်တင်းခြင်း၊ ဝမ်းဖောရောင်ခြင်းနဲ့ ရင်အောင်းတင်းခြင်းတို့ကို လျှော့ချပေးတဲ့အပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ အစာအိမ်နာ၊ အစာမျိုပြွန်ရောင်ခြင်း၊ ရင်ပူခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ အစာမကြေခြင်းနဲ့ အစာအိမ်နာခြင်းတို့မှာ အပွင့်နဲ့ အရွက် အသင့်အတင့်ကို ပြုတ်တို့ခြင်း၊ ရေနွေးကြမ်းအဖြစ် သောက်သုံးပေးခြင်း စသဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။

ညမွှေးပန်းမှာ သဘောသဘာဝသွေးတွင်းသကြားဓာတ် လျှော့ချစေတဲ့ အာနိသင် ရှိတာကြောင့် ညမွှေးပန်းကို စားသုံးခြင်းဖြင့် ပန်ကရိယကို အင်ဆူလင်ပမှာဏမျှတစေရန် လှုံ့ဆော်ပေးပြီး ကာဗိုဟိုက်ဒရိတ်ဇီဝဖြစ်ပျက်မှုကိုလည်း ထိန်းညှိပေးတာကြောင့် ဆီးချိုဝေဒနာရှင်များမှာ သွေးအတွင်းရှိ သွေးတွင်းဂလူးကို့စ်ပမှာဏကို သဘာဝအတိုင်း ထိန်းသိမ်းရန် အလွယ်တကူ ကူညီပေးပြီး သွေးတွင်းသကြားဓာတ်ပမှာဏ ရုတ်တရက် မြင့်တက်ခြင်းကို ကာကွယ်ပေးပါတယ်။ ညမွှေးပန်းပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-ကြိမ် သောက်ပေးနိုင်ပါတယ်။

ညမွှေးပန်းမှာ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးတဲ့ သဘာဝသွေးပေါင်ကျဆေးအာနိသင်ရှိတာကြောင့် ညမွှေးပန်းပွင့်ရေနွေးကြမ်း တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သွေးတိုးရောဂါနဲ့ သွေးတိုးရောဂါအခြေအနေများမှာ သွေးပေါင်ချိန်ကိုတည်ငြိမ်စေကာ နှလုံး လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာခံနိုင်ရည်ကို မြှင့်တင်ပေးပြီး ကျန်းမာရေးကို ဟန်ချက်ညီစေပါတယ်။

ညမွှေးပန်း‌ရေနွေးကြမ်း အသင့်အတင့် သောက်သုံးခြင်းဖြင့် လိပ်ခေါင်းဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပါတယ်။

သန်ကောင်/တုတ်ကောင်ရောဂါတွေမှာ ညမွှေးပန်းသတ္တုရည် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ ၃ ရက်ခန့် သောက်ပေးခြင်းဖြင့် ပျောက်ကင်း သက်သာစေပါတယ်။

ညမွှေးပန်းရဲ့ ဘက်တီးရီးယားဆန့်ကျင်ဂုဏ်သတ္တိတွေက ဝက်ခြံ၊ ကြွက်နို့၊ အနာစိမ်း၊ နှင်းခူ၊ အရည်ကြည်ဖု၊ ယားယံခြင်းတွေမှာ အရွက်သတ္တုရည်ကို အုန်းဆီနဲ့ ရောစပ်ပြီး  လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ အပွင့်ဆီကို လိမ်းပေးခြင်းဖြင့်  အသားအရေကို ကြည်လင်စေရုံသာမက ချွေးပေါက်တွေကိုလည်း ရှင်းပေးကာ အရေးအကြောင်း၊ အစင်းကြောင်း၊ အစက်အပြောက်တွေကို လည်း ကာကွယ်ပေးတဲ့အပြင် ဒဏ်ရာတွေနဲ့  အနာကျက်ခြင်းလုပ်ငန်းစဉ်ကို မြန်ဆန်စေပါတယ်။

ပန်းပွင့်အဆီကိုလိမ်းပေးခြင်းဖြင့် မရှိမဖြစ်လိုအပ်တဲ့တက်ကြွဇီဝပစ္စည်းတွေ ပါဝင်တာကြောင့် ဆံပင်မွေးညင်းပေါက်တွေအတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေရုံသာမက အမျိုးမျိုးသော ဆံပင်ကူးစက်ရောဂါတွေကို ကာကွယ်ပေးပြီး collagen ပါဝင်လို့ ဗောက်ထတာ၊ ဆံပင် မွဲခြောက်တာ၊ ဆံသားပျက်စီးတာတို့ကို လျော့ပါးစေကာ ဆံသားရဲ့ အသွင်အပြင်ကို တိုးတက်စေပြီး တောက်ပြောင်စေကာ ဆံပင်ကြီးထွားမှုကို လှုံ့ဆော်ပေးခြင်းဖြင့် ဆံပင်ကျွတ်တာနဲ့  အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပါတယ်။

ညမွှေးပန်း‌ရေနွေးကြမ်းအသင့်အတင့်ကို တနေ့ ၁-၂ ကြိမ် ပုံမှန် သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံအားကို မြှင့်တက်စေပါတယ်။

ညမွှေးပန်းပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းကြောင့် လည်ချောင်း အပူလောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ညမွှေးပန်းရွက် ဖျော်ရည်ကို ကြာရှည်စွာစားသုံးပါက methyl salicylateနဲ့ tannic acid ပါဝင်တာကြောင့် အစာအိမ်မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်းနဲ့ အစာအိမ်အနာတွေလိုမျိုး  ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။ ညမွှေးပန်းနဲ့ ဓာတ်မတည့်သူတွေ ညမွှေးပန်းပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မသုံးစွဲသင့်ပါ။ နွေဦးပြည်သူတွေ  ညမွှေးပန်းပင်ရဲ့ ကျန်းမှာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမှာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013