
ရွေးကောက်ပွဲဒုတိယပိုင်း ကျင်းပတဲ့ ဇန်နဝါရီ ၁၁ ရက်က ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ထွေအုပ်ရုံး ဒရော့ဗုံးနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ ခရိုင်လက်ထောက်ညွန်ကြား ရေးမှုးဦးနေထွန်းသန်း သေဆုံးပြီး ခရိုင်ရွေးကောက်အဖွဲ့ဝင် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက် မနက် ၇ နာရီခွဲက ထန်းတပင်မြို့နယ်ထွေအုပ်ရုံးမှာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် နဲ့ အုပ်ချုပ်ရေးမှူးတွေ လာရောက်စစ် ဆေးစဥ်နေစဥ် ဗုံးကြဲတိုက်ခိုက်ခံရတာလို့ အုပ် ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရွေးကောက်ပွဲအပိုင်း ၂ က ၁ ကထက် ပိုဆိုးလာတယ်> အဲ့နေ့က ထန်းတပင်မြို့နယ်ထွေအုပ်ရုံး ဒရော့ဗုံးချခံရသလို ရေတာရှည်ဘက်မှာလည်း ပစ်ခတ်မှုအချို့ရှိတယ်။ ထန်းတပင်ဖြစ်စဥ်မှာ ခရိုင် လက်ထောက်ညွှန်ကြားမှူး ဦးနေထွန်းသန် ပွဲချင်းပြီးသေတယ်၊ ခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးနေဝင်း ဒဏ်ရာရတယ်၊ အခုထိ ဆေးရုံက မဆင်းရသေးဘူး” လို့ ပြောပါတယ်။
ဒရော့ဗုံးချခံရပြီးနောက် ထန်းတပင်မြို့နယ်ကို စစ်ကောင်စီတပ်က တပ်မ ၇၇ နဲ့ ရဲတပ်ရင်းတွေကို လုံခြုံရေးတိုးမြှင့်ကာ ရွေးကောက်ပွဲပြီးအောင် ဆက်လုပ်ခဲ့တယ်လို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“ထွေအုပ်ရုံး ဒရော့ဗုံးချခံရလည်း စစ်တပ်က ရွေးကောက်ပွဲကို မနားဘူး။ လုံခြုံရေးအင်အား တိုးပြီးဆက်လုပ်တယ်။ မဲပေးတဲ့သူတွေကလည်း ဘယ်အချိန် ဘာထဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ မဲပေးရတယ်။”
တောင်ငူခရိုင်မှာ မြို့နယ် ၅ မြို့နယ်နဲ့ မြို့ ၇ မြို့ရှိပြီး ရွေးကောက်ပွဲ အပိုင်း ၁ ကို တောင်ငူမြို့နယ်၊ ရွေးကောက်ပွဲအပိုင်း ၂ ကို ထန်းတပင်မြို့နယ်နဲ့ ရေတာရှည်မြို့နယ်၊ ရွေးကောက်ပွဲအပိုင်း ၃ ကို အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီးမြို့နယ်တွေမှာ ပြုလုပ်ခဲ့တာပါ။
စစ်အုပ်စုက ရွေးကောက်ပွဲ ဒုတိယပိုင်းကို ပဲခူးတိုင်းက ပန်းတောင်း၊ ဒိုက်ဦး၊ ထန်းတပင်၊ ရေတာရှည်၊ ဇီးကုန်း၊ ပေါင်းတလည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ မိုးညို နဲ့ မင်းလှမြို့နယ်တွေမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ပဲခူးတိုင်းက ပဲခူး၊ ပြည်၊ တောင် ငူ၊ နတ္တလင်း၊ ရွှေတောင်၊ ညောင်လေးပင်၊ လက်ပံတန်းနဲ့ သာယာဝတီ မြို့နယ်တွေ ပါဝင်ပါတယ်။











