
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာ အသက် ၅ နှစ်အရွယ် KG တန်းတက်နေတဲ့ မိန်းကလေးငယ်ကို နားကပ်ဖြုတ်ယူ၊ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူအမျိုးသားကို ရဲတွေက စစ်ဆေးနေစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
ဇူလိုင် ၃ ရက်က ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာမှာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး နားကပ်ဖြုတ်ယူ၊ ကလေးအလောင်းကို ဖျောက်ဖျက်ကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားကို ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ရဲတွေက ဇူလိုင် ၆ ရက်မနက် ဖမ်းမိခဲ့တာလို့ သိရပါတယ်။
ကျူးလွန်သူအမျိုးသားကို ဇူလိုင် ၇ ရက်က အခင်းဖြစ်တဲ့နေရာကို ခေါ်ဆောင်ပြီး ပြစ်မှုကျူးလွန်ခဲ့ပုံကို စနစ်တကျ မှတ်တမ်းယူဖို့ သရုပ်ပြခိုင်းစဉ် ကျူးလွန်သူအမျိုးသားက ထွက်ပြေးတာကြောင့် ရဲတပ်သားနိုင်လင်းထက်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေဆုံးသွားတာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ရဲတွေက ကျူးလွန်သူကို ကလေးငယ်ရဲ့ အဝတ်အစားတွေချွတ် လွှင့်ပစ်ခဲ့တဲ့နေရာကို လိုက်ပြခိုင်းတယ်။ မှတ်တမ်းယူနေတုန်း ထွက်ပြေးတာ၊ ရဲက ပစ်လိုက်တော့ သေသွားတာ” လို့ပြောပါတယ်။
ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်၊ နားကပ်ချွတ်ယူ အလောင်းဖျောက်ဖျက်တဲ့ အမျိုးသားဟာ အသက် ၃၃ နှစ်အရွယ် ရဲဝင်းပိုင်ဆိုသူဖြစ်ပြီး ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ခနွဲခဖိုကျေးရွာအုပ်စုမှာ နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်မနက်က အသက် ၅ နှစ်အရွယ် KG တန်းတက်နေတဲ့ မသော်တာစိုင်းကို အဘွားဖြစ်သူက ကျောင်းသွားဖို့ ပြင်ဆင်ပေးနေချိန် ရုတ်တရက် နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ မသော်တာစိုင်းကို ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာ၊ ဦးကံမြင့်လမ်းဘေးရှိ အမှိုက်ပုံအတွင်း ခြုံစောင်၊ ဆာလာအိတ်တို့နဲ့ ထုပ်ပိုးစွန့်ပစ်ထားတဲ့ ရုပ်အလောင်းကိုသာ တာဝန်ရှိသူတွေနဲ့ မိဘတွေက ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။
ကလေးငယ်ရဲ့ ရုပ်အလောင်းကို လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ ခန္ဓာကိုယ်တလျှောက် အညိုအမည်းဒဏ်ရာတွေ ရရှိထားပြီး၊ ဓမ္မတာဆန့်ကျင် အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးငယ် ဝတ်ဆင်ထားတဲ့ ရွှေနားကပ်ကိုလည်း အတင်းအဓမ္မဆွဲဖြုတ် ယူငင်ထားတာကြောင့် နားပေါက်ပြုတ်ထွက်လုနီးပါး ပြင်းထန်ဒဏ်ရာတွေပါရရှိပြီး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
လက်ရှိ ကျူးလွန်သူအမျိုးသားဟာ ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက သေနတ်ကျည် ထိမှန်သေဆုံးသွားပြီ ဖြစ်ပေမဲ့ ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အညီ အမှုကို ဆက်လက်တည်ဆောက်သွားမယ်လို့ သိရပါတယ်။










