
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတဲ့ တောင်ကိုရီးယားနိုင်ငံသား ၃၂ ယောက်ပါဝင်တဲ့ လူမှုကူညီရေးအဖွဲ့ကို သြဂုတ် ၄ ရက်က စစ်အာဏာရှင်တပ်က နှင်ထုတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထန်းတပင်မြို့နယ် အေးရွာလေးကျေးရွာမှာ သြဂုတ် ၄ ရက် မနက် ၁၁ နာရီခွဲက ကလေးငယ်တွေကို အာဟာရကျွေးမွေးနေတဲ့ တောင်ကိုရီးယား လူမှုကူညီရေးအဖွဲ့ကို စစ်အာဏာရှင်တပ်၊ ရဲနဲ့ မြို့နယ်ထွေအုပ်က နှင်ထုတ်ခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“တောင်ကိုရီးယားက လူမှုကူညီရေးအဖွဲ့ ရွာအလိုက် ကလေးငယ်တွေကို အာဟာရကျွေးတယ်၊ လှူဒါန်းတယ်၊ လူကြီးတွေဆို ဆေးကုပေးတယ်၊ ဆံပင်ညှပ်ပေးတယ်။ အဲ့ဒါကို မြို့နယ်ကို ခွင့်မတောင်းဘဲ လှူဒါန်းလို့ဆိုပြီး စစ်တပ်က မောင်းထုတ်တာ။”
နိုင်ငံခြားအသင်းအဖွဲ့တွေအနေနဲ့ ရွာတွေကို ငွေကြေးနဲ့ အိမ်သုံးပစ္စည်း အစားအစာတွေ လှူဒါန်းလိုပါက မြို့နယ်အုပ်ချုပ်ရေးကတဆင့် လှူဒါန်းရမှာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနဲ့ ရဲမှူးကျော်သူလွင်တို့က ပြောဆိုရာ တောင်ကိုရီးယား လူမှုကူညီရေးအသင်းက လက်မခံတဲ့အတွက် နှင်ထုတ်တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်ကို မယုံလို့ ကိုယ်တိုင် လက်ထိလက်ရောက် လာလှူတာကို မြို့နယ်ထွေအုပ် ဦးဆောင်မှုအောက်ကနေ လှူရမယ်ဆိုတော့ တောင်ကိုရီးယားနိုင်ငံသားတွေက ဆေးကုနေရင်း ပစ္စည်းတွေသိမ်းပြီး ပြန်သွားတယ။ ဘယ်သူတွေနစ်နာလဲဆိုတော့ ဒေသခံတွေ နစ်နာတာ။”
ကိုရီးယားနိုင်ငံသူ KIM YOUNG SHIN ဦးဆောင်တဲ့ လူမှုကူညီရေးအသင်းဟာ ထန်းတပင်မြို့နယ် အတွင်းမှာ ရွာအလိုက် ကလေးတွေကို အာဟာရကျွေးတာ၊ ပညာရေးအတွက် ထောက်ပံ့တာနဲ့ လူကြီးတွေ ဆေးကုပေးနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးရဲ့ ဦးဆောင်မှုမပါဘဲ ကိုယ်တိုင် လှူဒါန်း ဆေးကုပေးနေတဲ့ ကိုရီးယားနိုင်ငံသူ KIM YOUNG SHIN ဦးဆောင်တဲ့ ကိုရီးယားနိုင်ငံသား ၄ ယောက်နဲ့ နိုင်ငံသူ ၂၈ ယောက်တို့ကို ဝန်ခံကတိ ရေးထိုးခိုင်းပြီး သြဂုတ် ၄ ရက် နေ့လယ် ၁ နာရီမှာ မြို့နယ်အတွင်းက မောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထန်းတပင်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ဆေးကုပေးနေတဲ့ ဂျပန်နိုင်ငံသား ၃ ယောက် ပါဝင်တဲ့ လူမှုကူညီရေးအဖွဲ့ကိုလည်း နှင်ထုတ်ခဲ့ဖူးတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။










