DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်က ရိုဟင်ဂျာတို့၏ ဘဝကို ငရဲခန်းဖြစ်အောင်လုပ်ခဲ့ဟု ICJ တရားရုံး၌ ဂမ်ဘီယာ လျှောက်ထား 
DVB
·
January 13, 2026
မြန်မာစစ်တပ်က ရိုဟင်ဂျာတို့၏ ဘဝကို ငရဲခန်းဖြစ်အောင်လုပ်ခဲ့ဟု ICJ တရားရုံး၌ ဂမ်ဘီယာ လျှောက်ထား 
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က လူနည်းစု မွတ်စလင် ရိုဟင်ဂျာတွေကို ပစ်မှတ်ထား ဖျက်ဆီးခဲ့ပြီး သူတို့ရဲ့ ဘဝတွေကို ငရဲခန်းသဖွယ် ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားသူကြီးတွေကို လျှောက်ထားခဲ့တယ်လို့ Reuters သတင်းမှာ  ဖော်ပြပါတယ်။

ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကနေ စွပ်စွဲထားတဲ့ အမှုအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)  မှာ တရားရင်ဆိုင် ကြားနာစစ်ဆေးမှုတွေ ဇန်နဝါရီ ၁၂ ရက်မှာ စတင်နေတာမှာ ပြောကြားလိုက်တာပါ။

ရိုဟင်ဂျာတွေဟာ ငြိမ်းချမ်းစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေထိုင်လိုတဲ့ အိပ်မက်ရှိတဲ့ ရိုးသားတဲ့ လူသားတွေသာ ဖြစ်ကြောင်း  ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ်ဒါဂျယ်လိုက ICJ တရားသူကြီးတွေကို ပြောပါတယ်။

“သူတို့ဟာ ဖျက်ဆီးပစ်ဖို့အတွက် ပစ်မှတ်ထားခြင်း ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ သူတို့ရဲ့ အိပ်မက်တွေကို ငြင်းပယ်ခဲ့ရုံတင်မကဘဲ စိတ်ကူးကြည့်လို့ရသမျှ အဆိုးရွားဆုံး အကြမ်းဖက်မှုတွေနဲ့ ဖျက်ဆီးမှုတွေကို ကျူးလွန်ပြီး သူတို့ရဲ့ ဘဝတွေကို ငရဲခန်း တခုအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။”

ဒါဟာ ၁၀ နှစ်တခုကျော်အတွင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ပထမဆုံးအကြိမ် အပြည့်အဝ ကြားနာတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုဖြစ်ပြီး ဒီ အမှုရဲ့ ရလဒ်က မြန်မာနိုင်ငံအပြင် ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီးတော့ အစ္စရေးအပေါ် တောင်အာဖရိကက ICJ မှာ စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အမှုအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

မွတ်စလင်အများစု နေထိုင်ရာ အနောက်အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဝေးလံခေါင်သီတဲ့ ရခိုင်ပြည်နယ်ထဲက မွတ်စလင်လူနည်းစု ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲကာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဆီ အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

တရားရုံးကြားနာပွဲကိုတော့ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ သီတင်း ၂ ပတ်ကျော်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ ဂမ်ဘီယာနိုင်ငံက အရင်ဆုံး လျှောက်လဲနေတာဖြစ်ပါတယ်။

မနေ့က ကြားနာပွဲမှာတော့ ဂမ်ဘီယာဘက်က အစိုးရကိုယ်စားလှယ် တရားရေးဝန်ကြီးနဲ့ ရှေ့နေနဲ့ ပညာရှင်တွေက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက် မြောက်တဲ့အကြောင်း အခိုင်အမာ အထောက်အထားတွေနဲ့ လျှောက်လဲတင်ပြ သွားခဲ့ပါတယ်။

အထူးသဖြင့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်းကြီးကျေးရွာ၊ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်နုကျေးရွာတွေမှာ အမျိုးသမီးနဲ့ ကလေးတွေတွေကို ပစ်ခတ်သတ်ဖြတ်၊  အဓမ္မပြုကျင့်၊ အရှင်လိုက် မီးရှို့သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံ စမ်းစစ်ဆေးမှုယန္တရား (IIMM)ရဲ့ အချက်အလက်တွေကို ကိုးကားပြီးလည်း လျှောက်လဲသွားခဲ့ ပါတယ်။

ဒါ့အပြင် သီတဂူ ဆရာတော်ရဲ့ လူမျိုးရေးခွဲခြားတဲ့ ဟောကြားချက်တွေကိုလည်း တရားရုံးမှာ အထောက်အထားနဲ့ ပြောဆိုသွားခဲ့တာရှိပါတယ်။ 

ဒီကနေ့မှာလည်း ဂမ်ဘီယာဘက်က သက်သေတွေတင်သွင်း လျှောက်လဲချက် ဆက်လက်ပေးဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ တကြိမ်၊ ၂ ကြိမ် လျှောက်လဲချေပခွင့်ရမှာ ဖြစ်ပါတယ်။ တရားရုံး ကြားနာပွဲကိုတော့ စစ်ကောင်စီခန့် သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့  ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး တို့ ဦးဆောင်တဲ့အဖွဲ့က တက်ရောက်နေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရကတော့ ဒီအမှုကိစ္စ လုပ်ပိုင်ခွင့်အားလုံးဟာ NUG နဲ့သာ သက်ဆိုင်ပြီး စစ်တပ်ရဲ့ တင်ပြချက်တွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က ထုတ်ပြန်ချက်မှာတော့ ဂမ်ဘီယာနိုင်ငံက လွန်ခဲ့တဲ့ ၆ နှစ်ကျော်က စတင်စွဲဆိုခဲ့တဲ့ ဒီအမှုဟာ အခုအခါ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာသဘောတူစာချုပ်ကို ချိုးဖောက်မှုတွေ ရှိ၊ မရှိ ဆိုတဲ့ အချက်အလက်ဆိုင်ရာ ကြားနာစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခဲ့ရသလို အဆိုပါစစ်ဆင်ရေးမှာ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ပါဝင်နေတဲ့အကြောင်းကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့က ကောက် ချက်ချထားတာပါ။

မြန်မာနိုင်ငံဘက်ကတော့ အဆိုပါတွေ့ရှိချက်တွေဟာ ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေတယ် ဆိုပြီး ပယ်ချခဲ့ကာ သူတို့ရဲ့ နှိမ်နင်းမှုတွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သူတွေကို  ရည်ရွယ်ခဲ့တာလို့ ငြင်းဆိုထားပါတယ်။

လတ်တလောမှာတော့ အဆိုပါအမှုကို ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ တရားစွဲဆိုထားတာဖြစ်ပြီး ICJ တရားရုံးက အဆိုပါ ကြားနာမှုတွေကို လူထုနဲ့ မီဒီယာတွေကို ပေးမဝင်ဘဲ တံခါးပိတ် ကြားနာမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီတရားစွဲဆိုမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံနဲ့အတူ ကနေဒါ၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီနိုင်ငံ တွေအပါအဝင် နိုင်ငံပေါင်း ၁၁ ခုက တရားလိုနိုင်ငံတွေအဖြစ် ပါဝင်လာကြတာပါ။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အနေနဲ့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တခြားသော မြန်မာစစ်တပ် အဆင့်မြင့်ခေါင်းဆောင်တွေအတွက် လူသိရှင်ကြား ကြေညာထားတဲ့ ဖမ်းဝရမ်းတွေကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013