DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် လာရောက်ခဲ့သည့် အင်းစိန်မြို့နယ်၌ ကြိုတင်မဲ မသမာမှုဖြစ် 
DVB
·
January 12, 2026
စစ်ခေါင်းဆောင် လာရောက်ခဲ့သည့် အင်းစိန်မြို့နယ်၌ ကြိုတင်မဲ မသမာမှုဖြစ် 
Donate to DVB

ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပတဲ့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ကြည့်ရှုခဲ့တဲ့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ ပုံစံ ၁၃ မပါတဲ့ ကြိုတင်မဲ ၂၄၀ နဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ် အ.ထ.က ၆ ရွာမအနောက်ရှိ မဲရုံ ၁ မှာ ပုံစံ ၁၃ မပါဝင်တဲ့ ကြိုတင်မဲတွေ ရောက်ရှိလာလို့ ကန့်ကွက်နေတဲ့ကြားက ရွေးကောက်ပွဲကော်မရှင်ကတော့ ခိုင်လုံမဲအဖြစ် သတ်မှတ် အသုံးပြုခဲ့ပါတယ်။

ပုံစံ ၁၃ မပါတဲ့ ကြိုတင်မဲတွေကို ကြံ့ခိုင်ရေးပါတီမဟုတ်တဲ့ တခြားပါတီတွေက ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က ဆက်လက်အသုံးပြုခဲ့တာလို့ ကန့်ကွက်လွှာတင်ခဲ့သူ ကိုယ်စားလှယ်လောင်းတယောက်က ပြောပါတယ်။

“အခြေအနေကတော့ဗျာ ကျနော်တို့ကတော့ ကြိုတင်မဲပုံး ရောက်တယ်။ မဲရုံဆရာမတွေကလည်း သူတို့ကလည်း တောင်းတယ်။ တောင်းတဲ့အချိန်မှာလည်း သူတို့က တနာရီခွဲ၊ နှစ်နာရီအထိကို ကြိုတင်မဲက ပြည့်ပြည့်စုံစုံ ပါလာရမဲ့ ပုံစံ ၁၃ က ပြည့်ပြည့်စုံစုံ မပါလာတာ။ မဲရုံဆရာမတွေလည်း တောင်းတယ်လို့ ပြောတယ်။ သူတို့က လာမပို့ဘူး။ အဲဒီအတွက် ကျနော်တို့က ကြိုတင်မဲရဲ့ စည်းမျဉ်းစည်းကမ်းပေါ့နော်၊ အဲဒီလို တွဲလျက်ပါရမယ့်ဟာတွေနဲ့ မညီညွတ်ဘူးလို့၊ ကျနော်တို့ပါတီတွေ အကုန်လုံးက စစ်ဆေးတွေ့ရှိချက်က စာတင်ပြီးတော့ ကန့်ကွက်စာလေး တိုင်စာပို့တာပေါ့။”

ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ကြိုတင်မဲအပ်နှံတဲ့အခါ ဆန္ဒမဲလက်မှတ်တွေ ပါရှိတဲ့ မဲပုံးတွေကို ကြိုတင်ဆန္ဒမဲပေးသူစာရင်း ပုံစံ ၁၃-က တွေနဲ့အတူ ရွေးကောက်ပွဲကျင်းပတဲ့နေ့ မနက် ၆ နာရီ မဲရုံမဖွင့်ခင် သက်ဆိုင်ရာ မဲရုံမှူးတွေထံကို အပ်နှံရမှာ ဖြစ်ပါတယ်။

အင်းစိန် GTI အနီးရှိ ရွာမအနောက်ရပ်ကွက်က အဲဒီမဲရုံမှာ ပုံစံ ၁၃ မပါဝင်တဲ့ အဲဒီ ကြိုတင်မဲတွေ ရောက်ရှိလာသလို တညင်းကုန်းလမ်းဆုံအနီးက အ.မ.က ၂၃ မှာလည်း ဒီလိုဖြစ်စဥ်မျိုး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ပါတီမှ ဦးလှဌေးက “အင်းစိန်မှာလေ ကြိုတင်မဲတွေက ၁၃ တွေမပါဘဲနဲ့ မဲရုံတွေကို ကြိုတင်မဲတွေ ရောက်လာတယ်။ သူက ကြိုတင်မဲထုံးစံက ပုံစံ ၁၃ ပါရမယ်။ ပုံစံ ၁၃ ပါပြီးမှ ခွင့်ပြုထားတဲ့ ကြိုတင်မဲ ပေးခွင့်ရတာ။ ဒါမဲ့ အဲဒီ ခွင့်ပြုထားတဲ့ ပုံစံ ၁၃ စာရွက်တွေ မပါဘူးပေါ့။ နောက် ကြိုတင်မဲပေးထားတဲ့ အမည်စာရင်း ပုံစံ ၁၃ တွေ မပါဘူး။ မပါလို့ အဲဒီမှာ ကျနော်တို့ ပြည်သူ့ပါတီက ကန့်ကွက်လွှာတွေ တင်နေတယ်။ ပထမတရုံက ဖြစ်ပြီးပြီ။ နောက်တရုံ တရုံ ထပ်ပြီးတော့ ကန့်ကွက်လွှာတင်နေတာ ရှိပါတယ်” လို့ ပြောပါတယ်။

အဲဒီလို ပုံစံမပြည့်စုံတဲ့ ကြိုတင်မဲတွေကို ကန့်ကွက်လွှာတွေ တင်ခဲ့ပေမဲ့ ညနေ ၄ နာရီ မဲရုံပိတ်သိမ်းပြီးတဲ့နောက် မဲရေတွက်ရာမှာတော့ အဲဒီ ပုံစံမပြည့်စုံတဲ့ ကြိုတင်မဲ ၂၄၀ ကို ရွေးကောက်ပွဲကော်မရှင်က ထည့်သွင်းရေတွက်ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်အမတ်လောင်းတယောက်က “အဲဒီမှာ ပြသနာတခု ထပ်တက်နေတာက ရွေးကော်က သူက ဖောက်မယ် အဲဒီပုံးကို။ ၁၃၉ မဲရှိတဲ့ပုံးကို ဖောက်မယ်။ ဒါပေမဲ့ မဲရုံ ဆရာမက မဖောက်ဘူး။ သူ့ဆီမှာ ပုံစံ ၁၃ မရှိတဲ့အတွက် အဲဒီလိုဖြစ်နေတယ်။ အခြေအနေက ဒီလိုပဲလေ၊ ဒီလိုပဲဆိုတာက သူတို့ ဒါကို အတည်ယူပြီးတော့ပဲ၊ ကျနော်တို့ အခု ပြန်လာပြီလေ ပါတီတွေ အကုန်လုံးက၊ ပါတီတွေ အကုန်လုံးက ပြန်လာပြီဆိုတော့ ကျနော်တို့က ဘယ်လိုခေါ်မလဲ သူတို့ဆုံးဖြတ်တဲ့အတိုင်း သွားရတာပေါ့။ ကျနော်တို့ကတော့ တိုင်စာတွေ ဘာတွေတော့ ရေးထားတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ပြီးဆုံးချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ပါတီတွေ တွေ့ဆုံခဲ့ပြီး ကြိုတင်မဲကိစ္စကို ပြောကြားကြခဲ့ပေမဲ့ အောင်မြင်မှုမရှိဘဲ ပုံစံ ၁၃ မပါရှိတဲ့ ပယ်မဲတွေကို ခိုင်လုံမဲအဖြစ် သတ်မှတ်ပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲတွေရဲ့ အားနဲ့ ရှေ့ကပြေးတဲ့ အနိုင်ရပါတီ ဖြစ်နေတယ်လို့ ကြိုတင်မဲတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီကလွဲလို့ ရွေးကောက်ပွဲဝင် ပါတီအချို့က မေးခွန်းထုတ်ခဲ့ကြပါတယ်။

၂၀၁၀ မှာ ပါတီအဖြစ် ပြောင်းလဲပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပြိုင်ဘက်ပါတီတွေကို နောက်ကျမဲနဲ့ အနိုင်ယူခဲ့တဲ့ သာဓကတွေ ရှိထားတဲ့ပါတီလည်း ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေက တခြားပါတီကိုယ်စားလှယ်လောင်းတွေထက် တယောက်ချင်း ကြိုတင်မဲရရှိမှုမှာ သာလွန်နေတာ တွေ့ရတယ်လို့ ရွေးကောက်ပွဲရလဒ်တွေကို စောင့်ကြည့်တဲ့ Data for Myanmar သုတေသနအဖွဲ့ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ လုပ်ခဲ့တဲ့ မြို့နယ် ၈၁ ခုက အချက်အလက်ကို အခြေခံ တွက်ချက်ထားတဲ့ အချက်အလက်အရ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ကြိုတင်မဲနဲ့ တဖက်သတ် အသာစီးယူနေမှုအပေါ် ကျန်တဲ့နိုင်ငံရေးပါတီတွေက ဝေဖန်လာကြပြီး ပွင့်လင်းမျှတမှုရှိဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ထံ စာပို့တင်ပြကြသလို မကြာသေးမီက ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ တွေ့ဆုံရာမှာ ကြိုတင်မဲကိစ္စကို အလေးပေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိတယ်လို့ အကြောင်းပြပြီး တိုင်းပြည်အာဏာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က သိမ်းယူခဲ့ပြီးနောက် နိုင်ငံတွင်း စစ်ပွဲတွေ ဖြစ်ပွားနေတာ ၅ နှစ်တိုင်ရှိပြီ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013