
အင်းစိန်မြို့နယ် အောင်ဇေယျကြိုးတံတားအောက်မှာ အောက်တိုဘာ ၅ ရက် ည ၁၁ နာရီကျော်က အမျိုးသမီးတယောက်ကို သတ်ပြီး စွန့်ပစ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ည ၁၁ နာရီအချိန် ကားတစီးက လာစွန့်ပစ်ခဲ့တာဖြစ်ပြီး အသတ်ခံရတဲ့ အမျိုးသမီးဟာ အသက် ၂၅ နှစ်ဝန်းကျင်ရှိ မျက်နှာဖူးရောင် ဒဏ်ရာတွေနဲ့ လည်ပင်းကို ကြိုးကွင်းစွပ် သတ်ထားတဲ့ပုံစံ အနေအထားမျိုး ဖြစ်တယ်လို့ ဖြစ်စဥ်သိသူတယောက်က DVB ကို ပြောပါတယ်။
“ရဲတွေက သတ်တဲ့သူကို ဖမ်းဖို့မလုပ်ဘူး။ အသတ်ခံရတဲ့ ကောင်မလေးကို ပိုင်ရှင်မဲ့နဲ့ သင်္ဂြိုဟ်ဖို့ လုပ်နေတယ်။ သမီးမိန်းကလေး ပျောက်တဲ့ မိဘတွေအနေနဲ့ အင်းစိန်ဆေးရုံကြီးမှာ သွားကြည့်သင့်တယ်။ အလောင်း PR နံပါတ် ၂၈ ပါ၊ အသက်က ၂၅ ဝန်းကျင်ပဲ ရှိဦးမယ်။ အသတ်ခံရတဲ့ အမျိုးသမီးက ကုလားဆင်လေးပါ။”
ရဲတွေက အသတ်ခံရတဲ့မိန်းကလေး ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို ဘေးပတ်ဝန်းကျင်ကို မေးမြန်းခဲ့ရာ မသိရှိတာကြောင့် အင်းစိန်ဆေးရုံကို PR အမှတ် ၂၈ နဲ့ ပို့ဆောင်ခဲ့ပြီး ပိုင်ရှင်မဲ့အနေနဲ့ သတ်မှတ်လိုက်တယ်လို့ သူက ပြောပါတယ်။
အခုလိုဖြစ်စဥ်မျိုး လွန်ခဲ့တဲ့ ၃ နှစ်ကလည်း ဖြစ်ခဲ့ပြီး အဲဒီတုန်းကလည်း သတ်ဖြတ်ခဲ့သူကို ဖမ်းမိခြင်း မရှိဘူးလို့ ကမ်းနားအနောက်ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
“အာဏာသိမ်းပြီး အောင်ဇေယျကြိုးတံတားအောက်မှာ မိန်းကလေးတွေကို သတ်ပြီး လာပစ်တာ ၂ ကြိမ်ရှိပြီ။ အဲဒီတုန်းကလည်း သတ်တဲ့သူကို မမိဘူး။”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်ကလည်း အောင်ဇေယျကြိုးတံတားအောက်မှာ ဓားဒဏ်ရာ ၁၅ ချက်နဲ့ သေဆုံးနေတဲ့ အမျိုးသမီးတယောက်ကို လာစွန့်ပစ်သွားခဲ့ပြီး သတ်ဖြတ်သူကို အခုချိန်ထိ ရဲတွေက ဖမ်းမမိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်မှာ အောက်တိုဘာ ၅ ရက်ကလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်မှာ လုယက်မှုနှစ်ခု ဖြစ်ခဲ့ပြီး အမျိုးသားနှစ်ယောက် သေဆုံးကာ ငွေကျပ် သိန်း ၈၀၀ ပါသွားခဲ့ပါတယ်။











