DVB Logo
Home
မြန်မာသတင်း
တော်လှန်မင်းသား ဒေါင်း ပါဝင်သည့် ထိုင်းဒဏ္ဍာရီရုပ်ရှင် ဇန်နဝါရီလအတွင်း ရုံတင်မည်
DVB
·
January 12, 2026
တော်လှန်မင်းသား ဒေါင်း ပါဝင်သည့် ထိုင်းဒဏ္ဍာရီရုပ်ရှင် ဇန်နဝါရီလအတွင်း ရုံတင်မည်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ သရုပ်ဆောင်မင်းသား ဒေါင်း ပါဝင်ထားတဲ့ ထိုင်းဒဏ္ဍာရီရုပ်ရှင်-Omukade ကို လာမဲ့ ဇန်နဝါရီ ၂၂ ရက်မှာ ထိုင်းနိုင်ငံတဝန်း ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က ထိုင်းနိုင်ငံထဲကို နယ်ချဲ့ဝင်ရောက်လာတဲ့ အချိန်ကာလကို နောက်ခံထား တည်ဆောက်ထားပြီး ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ တောတောင်တွေထဲမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုတွေဟာ သူတို့ရဲ့ မြေယာနဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ ဂျပန်စစ်တပ်ကို ပြန်လည်ခုခံ တိုက်ခိုက်ကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။

ဒီကားထဲမှာတော့ မင်းသားဒေါင်းက “ရင်းဂျာ” (Ring Ja) ဇာတ်ကောင်နေရာကနေ အဓိက ပါဝင်ထားကာ သတ္တိရှိပြီး တိုက်ခိုက်ရေးထူးချွန်တဲ့ မြန်မာမျိုးနွယ်စု ခေါင်းဆောင်တယောက် အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီကားနဲ့ပတ်သက်ပြီးတော့ မင်းသားဒေါင်းက “ဒါရိုက်တာရဲ့ ချီးကျူးစကားတွေနဲ့ ဒီခရီးစဉ်တလျှောက် အဘက်ဘက်က ကူညီပေးခဲ့ကြသူအားလုံးကို တကယ်ပဲ အထူးကျေးဇူးတင်ပါတယ်။ ကျနော့်အတွက်တော့ ‘ရင်းဂျာ’ အဖြစ် သရုပ်ဆောင်ရတာဟာ သရုပ်ဆောင်မှုတခုထက် ပိုပါတယ်။ ဒီနာမည်ကို တကယ်တော့ ‘Ring Ja’ (ရင်းဂျာ) လို့ စာလုံးပေါင်းပြီး သတ္တိရှိခြင်းနဲ့ ကြီးပွားချမ်းသာခြင်းလို့ အဓိပ္ပာယ်ရတဲ့ ကချင်တိုင်းရင်းသား နာမည်တခု ဖြစ်ပါတယ်။ ဒါ့အပြင် သမိုင်းထဲက ‘Kachin Rangers’ (ကချင်ရိန်းဂျား) တပ်ဖွဲ့ဝင်တွေရဲ့ ရဲစွမ်းသတ္တိကိုလည်း ဖော်ညွှန်းထားတာပါ။ ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်ကြတဲ့သူတွေရဲ့ စိတ်ဓာတ်၊ သမိုင်းကြောင်းနဲ့ သူတို့ရဲ့ အသံတွေကို ဂုဏ်ပြုဖို့အတွက် ရည်ရွယ်ခဲ့ပါတယ်။ ဇာတ်ကောင်နာမည်တွေကို ပုံဖော်တာကအစ၊ လက်နက်ပစ္စည်းတွေရဲ့ အသေးစိတ် အချက်အလက်တွေကို စစ်ဆေးတာ၊ ထိုင်းစကားပြောတွေကို အဓိပ္ပာယ် နားလည်အောင် သင်ယူတာအဆုံး ဒီဇာတ်ကားရဲ့ အဆင့်တိုင်းမှာ ကျနော့်ရဲ့ နှလုံးသားကို နှစ်မြှုပ်ပြီး ကြိုးစားခဲ့ပါတယ်။ ‘Omukade’ ဇာတ်ကားဟာ မြန်မာပရိသတ်တွေနဲ့တကွ ကမ္ဘာတဝန်းက ပရိသတ်တွေဆီကို ကျနော်တို့ရဲ့ ဇာတ်လမ်းတွေနဲ့ ခွန်အားတွေကို သယ်ဆောင်သွားပေးမဲ့ နှစ်သစ်ကူးလက်ဆောင်အသေးလေးတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော့်အပေါ်ရော၊ ဒီဇာတ်ကားအပေါ်မှာပါ ယုံကြည်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် ရေးသား မျှဝေထားခဲ့တာပါ။

The Promise, The One Hundred ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ ချလစ် ခရီလတ်မောင်ခွန်နဲ့ ဖတ်ဖုမ်း ဝေါင်ဂျင်ဒါ တို့က ရိုက်ကူးထားကြတာဖြစ်ပြီး သရုပ်ဆောင်မင်းသား ဒေါင်းနဲ့အတူ မြန်မာ၊ ထိုင်း၊ ဂျပန်၊ အမေရိကန် ၄ နိုင်ငံက သရုပ်ဆောင်တွေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ဟာ IMDb မှာ Rating 6.9 အထိ ရရှိထားပြီး ဒါရိုက်တာ ဖတ်ဖုမ်း ဝေါင်ဂျင်ဒါ ကလည်း ဒီရုပ်ရှင်နဲ့ပတ်သက်လို့ သရုပ်ဆောင်မင်းသား ဒေါင်းရဲ့ ပရိသတ်တွေ အားပေးနိုင်ဖို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013