DVB Logo
Home
မြန်မာသတင်း
နယူးယောက်မြို့ "RAY" ရုပ်ရှင်ပြပွဲ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်အားပေး
သုတချမ်းသာ
·
October 4, 2026
နယူးယောက်မြို့ "RAY" ရုပ်ရှင်ပြပွဲ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်အားပေး
1 / 13
Photo: DVB
Donate to DVB

စာရေးဆရာ ခက်ဇော်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ဒါရိုက်တာ သည်ခေတ်နေက ဖန်တီးပုံဖော်ပြီး သရုပ်ဆောင် ထားထက်ထက်၊ ဒေါင်းနဲ့ မင်းမော်ကွန်းတို့ ဦးဆောင် ပါဝင်ထားတဲ့ "RAY" ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဒေသစံတော်ချိန် အောက်တိုဘာလ ၃ ရက်က ပြသခဲ့ပါတယ်။

နယူးယောက်မြို့ "RAY" ရုပ်ရှင်ပြပွဲကို Helping Hands for Burma (H2B) အဖွဲ့က စီစဉ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ အဆင်ပြေစေဖို့အတွက် မွန်းလွဲ ၁၂ နာရီခွဲနဲ့ ညနေ ၃ နာရီ ဆိုပြီး အချိန် ၂ ချိန်ခွဲကာ ၂ ပွဲ ပြသခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ရုပ်ရှင်ပြပွဲကို နယူးယောက်မြို့ခံ မြန်မာနွယ်ဖွားတွေနဲ့အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်အားပေးခဲ့ပြီး ဂုဏ်ပြု အမှတ်တရစကား ပြောကြားခဲ့ပါတယ်။

"ကိုယ်တတ်နိုင်တဲ့၊ ကိုယ်လုပ်နိုင်တဲ့ အားတွေနဲ့ အပြည့်လုပ်ပြီးတော့ ကျနော်တို့ တော်လှန်ရေးကို အခုထိ ဒီအနေအထားအထိ ဆွဲခေါ်ပေးလာတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်။ ဒီရုပ်ရှင်ကို ဖြစ်မြောက်အောင် ဖန်တီးပေးတဲ့ ဒါရိုက်တာ သည်ခေတ်နေကိုလည်း ကျနော် ကျေးဇူးအထူးတင်ရှိပါတယ်။ ဆိုတော့ ကျနော်တို့ အမြဲတမ်းတော့ ပြောဖြစ်ပါတယ်၊ အခု ဒီတော်လှန်ရေးမှာ ကျနော်တို့ အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။"

ပြပွဲမှာ နွေဦး ရန်ပုံငွေအတွက် မြန်မာအစားအစာတွေ RAY ရုပ်ရှင် အမှတ်တရ ပစ္စည်းတွေနဲ့ တော်လှန်ရေး အမှတ်တရ ပစ္စည်းတွေကို လေလံတင် ရောင်းချပေးခဲ့ပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေ အားလုံးကို မြေပြင် လိုအပ်နေတဲ့ နေရာတွေအတွက် RAY ရုပ်ရှင်ပြသရေး ကော်မတီနဲ့  H2B အဖွဲ့တို့ ပူးပေါင်းပြီး လှူဒါန်းသွားမယ်လို့ သိရပါတယ်။

"RAY" ဇာတ်ကားဟာ မြေပြင်မှ တော်လှန်ရေး ရဲဘော်တွေရဲ့ ဖြစ်ရပ်မှန် ကြိုးစားအားထုတ်မှုနဲ့ အခက်အခဲတွေကို ဂုဏ်ပြု မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ဇာတ်ကားပါ ဖော်ပြချက်တွေဟာ မြန်မာနိုင်ငံအတွင်းရှိ မိသားစုပေါင်း ထောင်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေကို ပေါ်လွင်စေပြီး နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်အရေးကို မမေ့လျော့စေဖို့  ရည်ရွယ်ထားတာဖြစ်ပါတယ်။

ရုပ်ရှင်ပြပွဲ လာရောက်အားပေးသူ တယောက်က "ဒီရုပ်ရှင် ကြည့်ပြီးတဲ့အချိန်မှာ တကယ့် ဖြစ်ပျက်နေတဲ့ဟာတွေပေါ့နော်၊ တချို့ ကျနော်တို့ မသိတာတွေလည်း သိရတယ်၊ တောထဲမှာ အဆင်မပြေမှုတွေကိုလည်း သိရတယ်။ အဲဒီအတွက် ပြောရရင် ပိုပြီး သွေးမအေးစေဘူးပေါ့နော်။ အခက်အခဲတွေ သိရတဲ့အတွက်လည်း ပိုပြီးတော့ လှူချင်တန်းချင်စိတ်တွေ၊ ထောက်ပံ့ရမယ်၊ အဆုံးထိ ဆက်သွားရမယ်ဆိုတဲ့ စိတ်တွေ ပေါ်မိပါတယ်။ မကြည့်ရသေးတဲ့သူတွေလည်း လာကြည့်ကြပါလို့၊ တကယ်နောင်တမရစေရပါဘူး၊ ပေးရတဲ့ လက်မှတ်ခနဲ့လည်း အဆပေါင်းများစွာ ပိုတန်ပါတယ်။ အထဲမှာ သုံးသွားတဲ့ ရိုက်ချက်တွေ အားလုံးကလည်း ထိပ်တန်းအဆင့်ပါပဲ။ အခုဆို နိုင်ငံတကာ ထိုးဖောက်နေတဲ့အတွက် နိုင်ငံတကာအဆင့် ရုပ်ရှင်တခုလို့ ပြောရင် မမှားပါဘူး”လို့ ပြောပါတယ်။

ရုပ်ရှင်ပြပွဲ လာရောက်အားပေးသူ တယောက်ကလည်း "အတော် ခံစားခဲ့ရတယ်၊ မျက်ရည်ကျခဲ့ရတယ်ပေါ့။ အဲဒီလိုပဲ မိသားစုတွေ ဆုံးရှုံးပြီးတော့ ခွဲခွာရတဲ့သူ အများကြီးပဲ၊ ကျနော်တို့လည်း မိသားစုနဲ့ ခွဲခွာခဲ့ရတာတွေ ရှိပါတယ်ပေါ့နော်။ အကုန်လုံး RAY တဖွဲ့သားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ပြီးတော့ အားအင်တွေလည်း ဖြစ်ရတယ်၊ ဝမ်းနည်းမှုရော အားတက်မှုရော ခံစားရပါတယ်”လို့ ပြောပါတယ်။

"RAY" ရုပ်ရှင်ဟာ တော်လှန်ရေး ခရီးစဉ်ကို ဖြတ်သန်းနေရတဲ့ အမျိုးသမီးငယ် တယောက် အကြောင်း၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုတွေနဲ့ လက်တွေ့ဘဝ အခြေအနေ ဖြစ်ရပ်မှန်တွေကို စာရေးဆရာ ခက်ဇော်က ဇာတ်လမ်း ကျောရိုးယူ ရေးသားထားတာ ဖြစ်ပါတယ်။

"RAY" ရုပ်ရှင်ဟာ စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်ရဲဘက် တဦးချင်းတယောက်ချင်းစီကို ကိုယ်စားပြုကြောင်းနဲ့  ဖျော်ဖြေရေး သက်သက်မဟုတ်ဘဲ အမှောင်ခေတ်မှာ ရှေ့တန်းမှ ပေးဆပ်နေကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုထားတာ ဖြစ်ကြောင်း ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013