
လက်ရှိနိုင်ငံတကာမှာ ပြသနေတဲ့ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးထားတဲ့ Ray ရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းကာလရဲ့ ခေတ်တခေတ်ကို ပုံဖော်ထားကာ တော်လှန်ရေးမှာ ပါဝင်တဲ့ ရဲဘော်အားလုံးကို ကိုယ်စားပြုတဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ဒီရုပ်ရှင်ကားကို ဖန်တီးသူတွေက ပြောပါတယ်။
သရုပ်ဆောင် အလှမယ် ထားထက်ထက်ရဲ့ ဘဝဇာတ်ကြောင်းကိုအခြေခံရေးထားတဲ့ စာရေးဆရာ ခက်ဇော်ရဲ့ မယိုင်လဲတမ်းဝထ္ထုကို ဒါရိုက်တာ သည်ခေတ်နေက ကိုယ်တိုင် ဇာတ်ညွန်းခွဲကာ ဒါရိုက်တာအဖြစ်ပါ ရိုက်ကူးထားတဲ့ Ray လို့ အမည်ရတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကို နိုင်ငံတကာမှာ ပြသနေဆဲဖြစ်ပြီး အာရှနိုင်ငံတွေမှာပါ ဆက်လက်ပြနိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
မယိုင်လဲတမ်းဝထ္ထုမှာတော့ သရုပ်ဆောင် ထားထက်ထက်ရဲ့ ဘဝဇာတ်ကြောင်းကို တည်ဆောက် ထားတာ ဆိုပေမဲ့ Ray အဖြစ် ပုံဖော်ထားတဲ့ ရုပ်ရှင်မှာတော့ လူငယ်တွေ ဖြတ်သန်းခဲ့တဲ့ ခေတ် တခုလုံးနဲ့ အဲဒီခေတ်ထဲမှာ ရင်ဆိုင် ဖြတ်ကျော်ခဲ့ကြရတဲ့ တော်လှန်ရေး ရဲဘော် တယောက်ချင်းစီကို ကိုယ်စားပြုတာလို့ ဒါရိုက်တာသည်ခေတ်နေက DVB ကို ပြောပါတယ်။
“သူ့ရဲ့ဘဝ life ကိုပြတယ်ဆိုပေမဲ့ ဒီ ၂၀၂၁ စစ်အာဏာသိမ်းတဲ့အချိန် ရဲဘော်တယောက်ရဲ့ life တင်မဟုတ်ဘူး။ ၁၉၆၂ ၁၉၈၈ ပေါ့နော် နောက်ဆုံးခု ၂၀၂၁ က ရဲဘော်တွေရဲ့ ဘဝတွေနဲ့ သူတို့ ဖြတ်သန်းခဲ့တဲ့ပုံစံတွေကို အများကြီး ကိုယ်စားပြုလိမ့်မယ်လို့လည်း မှတ်ချက်တွေအရလည်း ကြားရတယ်ပေါ့နော်။ သူတို့တုန်းကလည်း အဲလိုမျိုး ကြုံခဲ့ရတယ်၊ အစ်ကိုတို့တုန်းကလည်း အဲလိုမျိုးတွေ ကြုံခဲ့ကြရတယ်ဆိုတဲ့စကားတွေလည်း ပြန်ကြားရတယ်ပေါ့နော်။ အဲတော့ ဒီကားသည် Ray ကို ရည်ညွှန်းတယ်ဆိုတာထက် ခေတ်တခုကိုရည်ညွှန်းခဲ့တယ်။ ပြီးတော့ ဒီထဲက ရဲဘော်တယောက်ကို ရည်ညွှန်းတယ်ဆိုတာထက် အခုထက်ထိ လက်ရှိအချိန်ထိ ရှေ့ကနေ တိုက်ပွဲ ဝင်နေတဲ့ ရဲဘော်တွေ အားလုံးကို ကိုယ်စားပြုပြီးတော့ အားလုံးကိုရည်ညွှန်းတဲ့ပုံစံလေး ဖြစ်သွားတယ်ပေါ့။”
“Ray” ရုပ်ရှင်ကို စက်တင်ဘာ ၅ ရက်မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ပြသမှာဖြစ်ပြီး၊ စက်တင်ဘာ အတွင်း စင်ကာပူနဲ့ ကိုရီးယားနိုင်ငံတွေမှာလည်း ဆက်လက်ပြသသွားမှာ ဖြစ်ပါတယ်။
အဲဒီနောက် အောက်တိုဘာ ၃ ရက်မှာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့နဲ့ အောက်တိုဘာ ၁၀ ရက်မှာ ဆန်ဖရန်စစ္စကိုမြို့တို့မှာ ပြသသွားမယ်လို့ သိရပါတယ်။ ပြည်တွင်းက တော်လှန်ရေးထောက်ခံပြီး ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ကလည်း Ray ရုပ်ရှင်ကို အွန်လိုင်းကနေ ကြည့်ရှူလိုကြောင်း ပြောပါတယ်။
တော်လှန်ပရိသတ်တယောက်က “နိုင်ငံတကာမှာ အမေရိကန်တို့ တိုကျိုတို့ စင်ကာပူတို့ နိုင်ငံတကာ မှာပြနေပြီဆိုတော့ ကျနော်တို့လည်း ကြည့်ချင်ပါတယ်။ ပြည်ပနိုင်ငံတွေမှာပြပြီဆိုတော့ ဒီပြည်တွင်း ကတော်လှန် ပရိသတ်တွေအတွက်လည်း အရင်တုန်းက ကျနော်တို့ တော်လှန်အငြိမ့်တွေ တော်လှန်ရေး short film တွေ အွန်လိုင်းကနေ လက်မှတ်လေးတွေနဲ့ပြသလို လက်မှတ်လေးတွေနဲ့ စီစဉ်ပေးမယ် ဆိုရင်တော့ အဆင်ပြေမှာပေါ့လေ၊ အဲလိုမျိုးကြည့်ချင်ပါတယ်။ သူတို့ရဲ့ ဖြတ်သန်းခဲ့ရတဲ့ဘဝတွေ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေ သူတို့ရဲ့ တော်လှန်ရေးနဲ့ပတ်သက်တဲ့ စိတ်နေ စိတ်ထားတွေကိုလည်း သေချာအထဲထဲဝင် ပိုပြီးသိရတဲ့အတွက် ဒီလိုရုပ်ရှင် တွေပေါ်လာတာပေါ့နော် ကျနော် ကတော့ အားပေးပါတယ်”လို့ ပြောပါတယ်။
“Ray” ရုပ်ရှင်ကို စက်တင်ဘာ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ လာမဲ့နှစ် ဇန်နဝါရီလတွေအထိ ဆက်တိုက်ပြသွားမှာ ဖြစ်ပြီး ပြည်တွင်းပရိသတ်တွေ အွန်လိုင်းကနေ ကြည့်ရှုနိုင်ရေးကတော့ နိုင်ငံတကာပြသမှုတွေ ပြီးဆုံးတဲ့အခါ ပြန်လည်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဒါရိုက်တာ သည်ခေတ်နေက “အစ်ကိုတို့နိုင်ငံတကာပြသရေးအစီအစဉ်အားလုံး ပြီးသွားတဲ့ အချိန်ကျမှပဲ ကော်မတီနဲ့ တိုင်ပင်ပြီးတော့ အွန်လိုင်း ပြသင့်မပြသင့်ဆိုတာ အကုန်လုံးဝိုင်း ပြီးတော့ စဉ်းစားဆွေးနွေး ကြမယ်ပေါ့နော်။ လတ်တလောတော့ အစီအစဉ် မရှိသေးဘူး။ ဒါပေမဲ့ ၅၀-၅၀ ပေါ့၊ ရှိလည်းရှိ လာနိုင်တယ်ပေါ့။ ဘာလို့လဲဆိုတော့ ဒါကအားလုံးနဲ့ဆိုင်တဲ့ တော်လှန်ရေးဘက်က သူတွေ အားလုံးနဲ့ ဆိုင်တဲ့ကား ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့။ ဒီမှာရိုက်တယ်ဆိုပေမဲ့ ဒီမှာရှိတဲ့ လူအင်အားလေးနဲ့ ဒီရှိတဲ့ပစ္စည်းလေးတွေနဲ့ပေါ့နော် သေချာသေချာ အသံပိုင်းတွေ အရုပ်ပိုင်းတွေ ကာလာ correction ပိုင်းတွေကအစ နောက်ဆုံးပေါ့နော် အစ်ကိုဇာတ်ညွှန်းတုန်းကလည်း ဇာတ်ညွှန်းဆိုရင် အများကြီးလုပ်ခဲ့တဲ့ draft တွေများစွာပေါ့နော် သေချာသေချာ ပြင်ဆင်ခဲ့တဲ့အတွက် ပြန်ကြားရတဲ့ feedback တွေကတော့ အပေါင်းလက္ခဏာဆောင်တဲ့ feedback တွေတော့ များပါတယ်”လို့ ပြောပါတယ်။
Ray ရုပ်ရှင်ဟာ ဒါရိုက်တာ သည်ခေတ်နေရဲ့ တတိယမြောက် တော်လှန်ရေးရုပ်ရှင်ဖြစ်ပြီး သရုပ်ဆောင် ထားထက်ထက်အပြင် မင်းမော်ကွန်း၊ ဒေါင်းနဲ့ တခြားသော တော်လှန်ရေး ရဲဘော်ရဲဘက်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
Ray ရုပ်ရှင်က၊ ရရှိလာတဲ့ အကျိုးအမြတ်တွေကိုတော့ ပြည်တွင်းက စစ်ရှောင်ပြည်သူတွေဆီ ခွဲဝေလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဝေဝေ











