
စာရေးဆရာ ခက်ဇော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဒါရိုက်တာ သည်ခေတ်နေ ဖန်တီးပုံဖော်ပြီး သရုပ်ဆောင် ထားထက်ထက်၊ ဒေါင်းနဲ့ မင်းမော်ကွန်းတို့ ဦးဆောင်ပါဝင်တဲ့ RAY ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ အောက်တိုဘာ ၃ ရက်မှာ ပြသသွားမှာ ဖြစ်ပါတယ်။
ရုပ်ရှင်ပြပွဲကို Helping Hands for Burma H2B အဖွဲ့က စီစဉ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအဆင်ပြေအောင် နေ့လယ် ၁၂ နာရီခွဲနဲ့ ညနေ ၃ နာရီမှာ ပြသသွားမှာဖြစ်ပါတယ်။
Helping Hands for Burma H2B အဖွဲ့ဝင်တယောက်က “အာဏာသိမ်းပြီးနောက် ပြည်သူတွေ ကြုံတွေ့နေရတဲ့ တကယ့်ဖြစ်ရပ်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်လေးကို တခါလောက် အချိန်ပေးပြီး ကြည့်စေချင်ပါတယ်။ ဇာတ်ကားတကားဆိုပေမဲ့ အဲဒီထဲမှာပါဝင်နေတဲ့ အဖြစ်အပျက်တွေက တစုံတယောက်ရဲ့ တကယ့်ဘဝ၊ တကယ့်နာကျင်မှုနဲ့ တကယ့်မျှော်လင့်ချက်တွေပါ။ ကြည့်ရင်းနဲ့ စိတ်မကောင်းဖြစ်ရမယ်၊ ဝမ်းနည်းရမယ်၊ တချိန်တည်းမှာပဲ ကိုယ်တတ်နိုင်သလောက် တစုံတရာ ကူညီပေးချင်စိတ်လည်း ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ မြေပြင်ကို ကိုယ်တတ်နိုင်သလောက် လှူကြ၊ ကူကြဖို့ ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။
RAY ဇာတ်ကားဟာ မြေပြင်ကတော်လှန်ရေးရဲဘော်တွေရဲ့ ဖြစ်ရပ်မှန် ကြိုးစားအားထုတ်မှုနဲ့ အခက်အခဲတွေကို ဂုဏ်ပြုမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
ဇာတ်ကားပါ ဖော်ပြချက်တွေဟာ မြန်မာနိုင်ငံအတွင်း မိသားစုထောင်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေကို ပေါ်လွင်စေမဲ့မှတ်တမ်းတွေ ပါဝင်ပြီး နိုင်ငံတကာက မြန်မာပြည်အရေးကို မမေ့လျော့စေဖို့ ရည်ရွယ်ထားတာ တွေ့ရပါတယ်။
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့မှာ ပြသပြီးအောင်မြင်မှုရခဲ့တဲ့ RAY ဇာတ်ကားကို အမေရိကန်နိုင်ငံ၊ Boston မြို့မှာ ပွဲဦးထွက်ပြသခဲ့ပြီး တက္ကဆက်ပြည်နယ်၊ နယူးယောက်မြို့နဲ့ ဆန်ဖရန်စ္စကိုမြို့မှာ ဆက်လက်ပြသဖို့ရှိနေတာပါ။
ရုပ်ရှင်မှာ တော်လှန်ရေးခရီးကိုဖြတ်သန်းနေရတဲ့ အမျိုးသမီးငယ်တယောက်အကြောင်း၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုတွေနဲ့ လက်တွေ့ဘဝအခြေအနေ ဖြစ်ရပ်မှန်တွေကို စာရေးဆရာ ခက်ဇော်က ကျောရိုးယူ ဇာတ်လမ်းရေးထားတာပါ။
RAY ရုပ်ရှင်ဟာ စစ်အာဏာရှင်ကိုတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက် တဦးတယောက်ချင်းကို ကိုယ်စားပြုတယ်လို့ ဒါရိုက်တာ သည်ခေတ်နေ က ပြောဆိုထားပြီး ဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ အမှောင်ခေတ်မှာ ရှေ့တန်းကပေးဆပ်နေတဲ့ ရဲဘော်တွေကို ဂုဏ်ပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။











