
စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ မုဒုံမြို့နယ်တွေက စစ်တပ်စခန်း ၅ ခုကို မနေ့ ဇန်နဝါရီ ၁၁ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) ဆီက သိရပါတယ်။
စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာ၊ ၁၀၇-မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံးသီးချ တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးသူ ရှိတယ်လို့ ဆိုပါတယ်။
ရာမညမွန်တပ်တော် (RMA) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကောင်းစတားက “ကျနော်တို့ တိုက်ပွဲဖော်ဆောင်တာက ၅ နေရာ ရှိပါတယ်။ ရေးမြို့နယ်နဲ့ မုဒုံမြို့နယ် ကမာဝက်က တပ်ရင်းကိုပေါ့။ မနေ့ကဆိုရင် အကြမ်းဖက်စစ်တပ်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လက်မခံကြောင်း ထုတ်ပြန်ပြီးသား ဖြစ်တယ်။ အဲဒီလိုမျိုး ထုတ်ပြန်ထားတဲ့အပေါ် လက်မခံကြောင်း တိုက်ပွဲနဲ့ ဖော်ပြတာပေါ့နော်။ သို့ပေမဲ့လည်း တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာ စစ်ရေးပစ်မှတ်ကို တားဂတ်ထားပြီး ဖော်ဆောင်ခြင်းဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
မနေ့ မနက် ၄ နာရီမှာ ရေးမြို့နယ် အစင်ကျေးရွာထိပ်မှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ရာမညမွန်တပ်တော် (RMA) က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး တယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
မနက် ၈ နာရီလောက်က ရေးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့သလို ရေးမြို့နယ်၊ ကလော့ကျေးရွာအနီးက အမှတ် ၃၁၆ အမြောက်တပ်ကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာပဲ ရာမညမွန်တပ်တော် (RMA) ဒရုန်းတပ်ဖွဲ့ဟာ မုဒုံမြို့နယ်၊ ကမာဝက်မြို့ အခြေစိုက် ခမရ ၂၀၉ ကို ဒရုန်းဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ စစ်ဘက်တာဝန်ရှိသူ ကမာဝက်မြို့က မဲရုံတွေကို ကြည့်ရှုစစ်ဆေးနေချိန် RMA ဒရုန်းတပ်ဖွဲ့က ဒရုန်းဗုံးသီးတလုံးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ ဒုတိယပိုင်းကို တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်ပေါင်း ၁၀၀ မှာ ပြုလုပ်ခဲ့ပြီး ရာမညမွန်တပ်တော် (RMA) တိုက်ခိုက်တဲ့ ရေးမြို့နယ်နဲ့ မုဒုံမြို့နယ်တွေမှာလည်း ရွေးကောက်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။










