
ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်က ဝိန်းရိုက်မြို့အနီးရှိ တပ်စခန်းမှာ အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း စစ်မှုထမ်း ၄ ယောက် သေဆုံးပြီး တခြားလူတွေ ဒဏ်ရာရခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက အောက်တိုဘာ ၁၈ ရက်မှာ အတည်ပြု ပြောပါတယ်။
သေဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံတွေကို တိုင်ဝက်လျှော့ချ လွှင့်ထူဖို့ သူက အမိန့်ပေးခဲ့ပြီး ငြိမ်းချမ်းရေးကာလအတွင်း ကနေဒါမြေပေါ်မှာ အဆိုးရွားဆုံး ကြေကွဲစရာ ဖြစ်ရပ်လို့လည်း ခေါ်ဆိုခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီမှာ မီးလောင်ချိန်က အယ်လ်ဘာတာပြည်နယ်ရဲ့ မြို့တော် အဒ်မွန်တန်ရဲ့ အရှေ့ဘက် မိုင် ၁၃၀ အကွာက စစ်တပ်အခြေစိုက် လေ့ကျင့်ရေးနေရာမှာ တနာရီ မိုင် ၆၀ နှုန်းနဲ့ လေပြင်းတွေ တိုက်နေခဲ့လို့ မီးက အမြန်ကူးစက်သွားခဲ့ပါတယ်။
ဝန်ကြီးချုပ် ကာနေးက “သူတို့ရဲ့ မိသားစုတွေအတွက် လိုအပ်သရွေ့ ကျနော်တို့ အဲဒီမှာ ရှိနေမှာပါ။ သူတို့ရဲ့ ပြန်လည်ထူထောင်ရေး ခြေလှမ်းတိုင်းမှာ ဒဏ်ရာရသူတွေကို ပြုစုစောင့်ရှောက်ပေးမှာ ဖြစ်ပြီး ဒီဆုံးရှုံးမှုကို ခံနိုင်ရည်ရှိအောင် တပ်မတော်ဘက်က အမျိုးသမီးတွေရော အမျိုးသားတွေဘက်ကပါ ရပ်တည်သွားမှာပါ” လို့ ပြောပါတယ်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ လူ ၃၉ ယောက် ဆေးရုံမှာ ကုသမှုခံယူနေပြီး လူနာ ၁၉ ယောက်ထက် မနည်းက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အယ်လ်ဘာတာဝန်ကြီးချုပ် ဒယ်နီယယ် စမစ်သ်က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အစောပိုင်းကတော့ ကနေဒါစစ်စခန်းက ပေါက်ကွဲ မီးလောင်မှုကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် အများအပြားကို ကိုးကားပြီး ဂလိုဘယ်နယူးစ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
CFB ဝိန်းရိုက်စခန်းမှာ ၂၀၂၁ ခုနှစ်အထိ တပ်စွဲထားတဲ့ စစ်ဘက်နဲ့ အရပ်ဘက်ဝန်ထမ်း ၁,၃၁၀ ရှိတယ်လို့ သန်းခေါင်စာရင်း အချက်အလက်တွေက ဖော်ပြထားပါတယ်။
လူဦးရေ ၆,၆၀၀ လောက်ရှိတဲ့ ဝိန်းရိုက်မြို့ဟာ အခြေစိုက်စခန်းရဲ့ မြောက်ဘက်မှာ ရှိပါတယ်။ မီးလောင်မှုက အနားကခရိုင်အတွင်း ခြံစည်းရိုးကို ဖြတ်ကျော်သွားခဲ့တယ်လို့ စည်ပင်သာယာရေးအဖွဲ့က လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပေမဲ့ ဘေးလွတ်ရာဆီ ပြောင်းရွှေ့မိန့် ထုတ်ပြန်ထားခြင်း မရှိပါဘူး။
Source: Reuters











