DVB Logo
Home
ဆောင်းပါး
စစ်မှုထမ်းတွေကို ပစ်မထားနဲ့
DVB
·
January 12, 2026
စစ်မှုထမ်းတွေကို ပစ်မထားနဲ့
Donate to DVB

နှစ်သစ်ကို ဆွဲဖွင့်လိုက်တဲ့အချိန်မှာ စစ်တပ်ထဲ မဝင်ချင်ဘဲ ရောက်သွားတဲ့ လူငယ်တသိန်းထက် မနည်းကတော့ မှောင်နဲ့မည်းမည်း အနာဂတ်မဲ့ရင်ပြင်မှာ ကူကယ်သူမဲ့ဘဝနဲ့ ကျန်ခဲ့တယ်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်မှာ အဓမ္မစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ စတင်တယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်ရောက်တော့ အပတ်စဉ် ၂၀။ အပတ်စဉ်တခုကို သင်တန်းသား ၅,၀၀၀ လို့ ဆိုပေမဲ့ ၅,၀၀၀ ထက်မက ကျော်လွန်ခေါ်ယူနေမှုတွေလည်း ရှိနေတယ်ဆိုတဲ့ သတင်းတွေအရ ၂၀၂၅ ကုန်ဆုံးသွားချိန်မှာ စုစုပေါင်း တသိန်းထက်မနည်း။ ကျနော်တို့ မကယ်တင်နိုင်ခဲ့တဲ့ တသိန်းထက်မနည်းလို့ ဆိုရင်လည်း သိပ်မှန်ပါလိမ့်မယ်။

တချို့ အဆင်မပြေတဲ့ စီးပွားရေးကြောင့် ငွေယူပြီး စစ်မှုထမ်းထဲ လိုက်သွားသူရှိပေမဲ့ သိပ်နည်းတယ်။ အများစုကတော့ စစ်မှုထမ်းမဲပေါက်တာနဲ့ ပေါ်တာဆွဲခံရတာကြောင့် အိပ်မက်ထဲတောင် ထည့်မမက်ဘူးတဲ့ စစ်တပ်ထဲသို့ ရောက်ကြရ။ သိပ်ကံဆိုးတဲ့ လူငယ်တချို့ဆို စစ်တပ်ထဲ မဝင်ချင်တာကြောင့် အလုပ်လုပ်ရင်း တိမ်းရှောင်ဖို့ နိုင်ငံခြားထွက်။ ပြည်ပကို တရားဝင်ထွက်ခွာခွင့်လည်း မရှိတော့တာကြောင့် ကိုယ့်ဘဝ ပွဲစားကို ငွေပေးအပ်ပြီး ခိုးလမ်းကြောင်းကနေ ဝင်ရောက်စဉ် ဖမ်းဆီးမိပြီး ထောင်တွေဘာတွေကျ၊ ပြီးတော့ မြန်မာဘက် ပြန်ပို့ခံရတော့ ဆည်ဝမှာ အသင့်စောင့်နေတဲ့ ဗျိုင်းတွေလို စစ်တပ်က စစ်မှုထမ်းထဲသို့ အလွယ်တကူ ဆွဲသွင်းပစ်ကြ။ ငွေလည်းရှုံး၊ တဖက်နိုင်ငံအထိ ခက်ခက်ခဲခဲ ဖြတ်ကူးပြီးမှ မရောက်ချင်တဲ့ စစ်တပ်ထဲ ရောက် ဖြစ်အောင် ရောက်ခဲ့ရတဲ့ ဘဝဆိုး။

စစ်သားလိုအပ်ချက် သိပ်များနေတဲ့ စစချင်း စစ်မှုထမ်း အပတ်စဉ်တွေတုန်းက သင်တန်းကာလက ၁၂ ပတ်နဲ့ အပြတ်။ သေနတ်လေး ပစ်တတ် ခတ်တတ်ရုံမျှ လေ့ကျင့်ပေးခဲ့ပြီး သင်တန်းဆင်းတာနဲ့ နင်လား ငါလား တိုက်ရတဲ့ စစ်မျက်နှာတွေဆီ တန်းပို့ခံကြရတယ်။

ပြီးတော့ သေနတ်ကိုင်ပြီး ကတုန်ကယင်ဖြစ်နေတဲ့ စစ်မှုထမ်းတပ်သားတွေကို စစ်ကြောင်းရဲ့ထိပ်ပွိုင့်မှာထားပြီး မိုင်းထိ ကျည်သင့် အသေခံတပ်သားအဖြစ် စစ်တပ်က သုံးတယ်။ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲမျိုးတွေမှာ လူလှိုင်းစစ်ဆင်ရေးအဖြစ် သေမင်းဆီ ရှေ့က အပြေးနှင်ရတာကလည်း ဒီစစ်မှုထမ်းတပ်သားသစ်တွေပဲ။ အသက်တချောင်း သေသွားတာထက် တော်လှန်ရေးတပ်ဘက်က ကျည်တတောင့်ကုန်သွားဖို့သာ အလိုရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ကြောက်စရာ ရက်စက်ဗျူဟာ။

ရှေ့တန်းမထွက်မီ နောက်တန်းတပ်ရင်းမှာ ရှိနေတော့လည်း အသက်မသေသေးပေမဲ့ တပ်ရင်းရဲ့ ဘုံကျွန် ခိုင်းဘက်တွေအဖြစ် အနှိမ်ခံရရုံတင်မက အဆဲခံ အဆိုခံ မျက်လုံးဒေါင့်ထောက် အကြည့်ခံဘဝနဲ့ ရတဲ့လစာကိုလည်း ဘာ့ကြောင့် ဒီလောက်ပဲ ရသလဲဆိုတာမျိုး မေးခွန်းမထုတ်ရဲတဲ့ ဘဝ။ ဒီလောက် ဖုန်းပေါနေတဲ့ ခေတ်မှာ ကိုယ့်မိဘဆီ ဖုန်းဆက်သွယ်ဖို့တောင် မလွယ်၊ စောင့်ကြည့်ခံနေကြရ။ အသက်ရှင်နေပေမဲ့ အသေကောင်နဲ့မခြား။ အဲဒီလို အချိန်မရွေး သေသွားနိုင်ပြီး မသေတော့လည်း သေနေသလို ဘဝမျိုးတွေမို့ စစ်တပ်ထဲ ရောက်သွားတာဟာ သေမင်းဆီက ဖိတ်စာရလိုက်သလိုမျိုး။

အခု စစ်တပ်ထဲ ရောက်သွားတဲ့ လူငယ်တသိန်းထက်မနည်းထဲက ဘယ်နှယောက် သေဆုံးသွားကြ ပြီ၊ ရာသက်ပန် ကိုယ်လက်အင်္ဂါ မသန်စွမ်းဘဝရောက်သွားသူရော ဘယ်လောက်ရှိသွားကြပြီလဲ။ စစ်တပ်ထဲက တပ်ရင်းမှူးအဆင့်လောက်တောင် အနီးစပ်ဆုံးခန့်မှန်းဖို့ မလွယ်တာကြောင့် မီဒီယာစာမျက်နှာတွေပေါ်မှာလည်း သိပ်မတွေ့။ ဒါပေမဲ့ ဆက်စပ် ခန့်မှန်းကြည့်လို့ ရနိုင်တဲ့သတင်းတပုဒ်ကိုတော့ ၂၀၂၅ ခုနှစ် အောက်တိုဘာတုန်းက ဖတ်ခဲ့ဖူးတယ်။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်သား ၁၅ ယောက်ကျော် စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ တုန်းက စစ်မှုထမ်းလိုက်ခ တယောက် သိန်း ၃၀ လောက်ယူပြီး လိုက်သွားခဲ့တယ်။ ငွေလိုချင်တာကြောင့်ရော သင်တန်းဆင်းပြီးရင် ကိုယ့်ရပ်ကိုယ့်ရွာမှာ ပြန်တာဝန်ချပေးမယ်ဆိုတဲ့ မင်းအောင်လှိုင်ခန့် မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်းရဲ့ စကားကို ယုံကြည်တာကြောင့်ရောလို့ ဆိုတယ်။ အဲဒီ ၁၅ ယောက်ကျော်စလုံး သင်တန်းဆင်းပြီးတော့ မိသားစုထံ တခေါက်၊ နှစ်ခေါက်လောက် ဖုန်းဆက်ပြီးနောက် စာမလာ သတင်းမကြား ပျောက်ဆုံးသွားပြီမို့ ရပ်ထဲရွာထဲက သေစာရင်းသွင်းလိုက်ပြီလို့ သတင်းက ဆိုတယ်။

ဘာ့ကြောင့် သေရင်သေကြောင်း မိသားစုဝင်တွေဆီ စစ်တပ်က အကြောင်းမကြားကြတာပါလဲ။ နယ်စပ်အခြေစိုက် CDM တပ်အရာရှိတဦးရဲ့ ကောက်ချက်က လျော်ကြေးမပေးချင်တာကြောင့်လည်း ဖြစ်နိုင်သလို တပ်ရင်းမှူးတွေကိုယ်တိုင်က အထက်ကို သေစာရင်းမတင်ပြဘဲ ရှင်နေသလိုနဲ့ လစာထုတ်စားနေတာလည်း ဖြစ်နိုင်တယ်လို့ ဆိုရဲ့၊  ထား။

ပြောချင်တာက ၁၅ ယောက်ကျော် စစ်မှုထမ်းထဲ လိုက်သွားပြီး သူတို့အားလုံးကို သေပြီလို့ ယူဆနိုင်တာကြောင့် စစ်တပ်ထဲ စစ်မှုထမ်းတပ်သား သေဆုံးမှုက နည်းမယ်မထင်။ အထူးသဖြင့် ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသမှာ စစ်တပ်က မြို့တွေ ပြန်သိမ်းခဲ့စဉ် စစ်မှုထမ်းတွေရဲ့ အသက်တွေကို ပေါပေါပဲပဲ ထိုးကျွေးခဲ့မှာ သေချာတာမို့ စစ်မှုထမ်းတသိန်းမှာ တသောင်းလောက် သေဆုံးသွားပြီလားလို့ ဆက်တွေးရင်လည်း မမှားလောက်ဘူးလို့ ထင်တယ်။

သေချာတာက စစ်မှုထမ်းတပ်သားတွေရဲ့ ၉၅ ရာခိုင်နှုန်းကျော်က မဝင်ချင်ဘဲ စစ်တပ် ရောက်သွားကြရ။ စစ်တပ်ထဲ ရောက်တော့လည်း အနှိမ်ခံ အဆဲခံဘဝ။ သေမလား၊ ပြတ်မလား နေ့လား ညလားမို့ ကိုယ့်စိတ်ဆန္ဒအရ ဝင်ခဲ့သူတွေတောင် နေချင်မှာမဟုတ်တဲ့ စစ်တပ်။ အဲဒါကြောင့်လည်း ၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်စစ်တမ်းတွေကို ကောက်လှန်ကြည့်ရင် ပစ လို့ ခေါ်တဲ့ စစ်မှုထမ်းတပ်သားတွေရဲ့ အလင်းဝင်နှုန်းက သန္ဓေစစ်သားတွေထက် သုံးပုံနှစ်ပုံနီးပါး များနေတာ တွေ့ရတယ်။ ဒါပေမဲ့ စစ်သင်တန်းဆင်းပြီး စစ်တပ်ထဲ ရောက်နေတဲ့ စစ်မှုထမ်းအရေအတွက် ၈၀,၀၀၀ ဝန်းကျင်မှာ အလင်းဝင် ခန့်မှန်း ၁,၀၀၀ ကျော်သာရှိတာ အင်မတန်မှ နည်းပါးလှတဲ့ အရေအတွက်ပါ။ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်တွေဆီ အလင်းဝင်မှုအရေအတွက်က ၂၀၂၄ ခုနှစ်မှာ ၅၆၇ ဦးရှိပြီး ၂၀၂၅ ခုနှစ်မှာ ၅၃၆ ဦးသာရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ၅၃၆ ဦးမှာ စစ်မှုထမ်းတပ်သား ဘယ်လောက်ပါသလဲ ဆိုတာကိုတော့ သီးသန့်ခွဲထုတ်ပြန်ထားခြင်း မရှိပါဘူး။

၂၀၂၅ ခုနှစ်ဆိုတာ စစ်တပ်ထဲ စစ်မှုထမ်းတပ်သားတွေ အလုံးအရင်းနဲ့ ရောက်ရှိနေပြီမို့ အလင်းဝင်သူ အရေအတွက် များသင့်ပေမဲ့ NUG စာရင်းအရ ၂၀၂၄ ခုနှစ်အောက်တောင် လျော့ကျနေပါတယ်။ ချုပ်ရရင် ၂၀၂၅ ခုနှစ်မှာ စစ်မှုထမ်းတပ်သားတွေ များလာပေမဲ့ အလင်းဝင်မှုနှုန်းက သိပ်နည်းလွန်းလှပါတယ်။

ဘာ့ကြောင့် စစ်မှုထမ်းတပ်သားတွေ အလင်းဝင်တာ နည်းနေရတာပါလဲ။ စစ်မှုထမ်းတပ်သားတွေ ဟာ စစ်တပ်ရဲ့ ဝါဒဖြန့် ခြိမ်းခြောက်တာတွေကို ယုံကြည်ကြောက်ရွံ့ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဘယ်လို ဆက်သွယ်ရမယ်မှန်း မသိခြင်း၊ ဆက်သွယ်ရ ခက်ခဲခြင်းနဲ့ သတင်းအချက်အလက် ရရှိသိရှိမှု နည်းပါးခြင်းတို့က အဓိကအကြောင်းရင်းဖြစ်ကြောင်း တပ် CDM အရာရှိတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက်ရောက်မှု လေ့လာဆန်းစစ်ချက်” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး MDSI က တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်မှုထမ်းအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်မှု အလွန်အားနည်းနေကြောင်း ဝေဖန်ထားသလို စနစ်တကျ တုံ့ပြန်နိုင်ရေး လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မဟာဗျူဟာမူဝါဒတွေ ဖော်ဆောင်ဖို့၊ စစ်မှုထမ်းတပ်သားတွေ အလင်းဝင်မှု ပိုမိုလွယ်ကူအားကောင်းလာစေရေး နည်းဗျူဟာ လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ လိုအပ်ကြောင်းလည်း အကြံပြုထားပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်မှုထမ်းတပ်သားတွေကို ထိထိရောက်ရောက် ကယ်တင်နိုင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်သင့်ပြီလို့လည်း ၂၀၂၅ ဒီဇင်ဘာလအတွင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းထားပါသေးတယ်။

၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်မှုအရေအတွက်ကို ကြည့်လိုက်ရင် NUG အစိုးရရဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မတီ တရပ်တည်းနဲ့ မလုံလောက်ကြောင်း ပေါ်လွင်နေပါတယ်။ ထပ်ပြောရရင် ပြည်သူ့ရင်ခွင်ကော်မတီဟာ ကော်မတီသာရှိပြီး အလုပ်ရောရှိရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင် သူတို့ရဲ့လုပ်ငန်းဆောင်တာတွေလည်း မမြင်ရပါဘူး။

၁၀၂၇ စစ်ဆင်ရေးကြောင့် အရေးပေါ်ခန်းထဲ ရောက်သွားတဲ့ စစ်အုပ်စုကို ပြန်ဆွဲထုတ်နိုင်ခဲ့တဲ့ အဓိက အကြောင်းရင်းထဲမှာ စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခြင်းကလည်း အရေးပါခဲ့ပါတယ်။ ဒါ့ကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ခဲ့သလို ၂၀၂၆ ခုနှစ်မှာ စစ်အနိုင်တိုက်ရေး ရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်ဖို့ဆိုရင် စစ်တိုက်နေရုံတင်မက စစ်တပ်အတွက် လောင်စာဆီလို ဖြစ်နေတဲ့ စစ်မှုထမ်းကိစ္စကို အလေးအနက်ထား ကိုင်တွယ်ရပါမယ်။

စစ်အုပ်စု ထိန်းချုပ်နယ်မြေတွေက လူငယ်တွေကို စစ်တပ်ထဲ အဓမ္မသွတ်သွင်းနေတဲ့အပေါ် မဟာဗျူဟာမြောက် ဟန့်တားနိုင်ဖို့ မလွယ်တာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ စစ်မှုထမ်းတပ်သားတွေ အလင်းဝင်လာရေးကို အားထည့်ဆောင်ရွက်ကြဖို့ လိုပါတယ်။

NUG ကာကွယ်ရေးတခုတည်းနဲ့ မလုံလောက်ပါဘူး။ အရေးပါတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူတွေနဲ့ စစ်မှုထမ်းအရေးမှာ ကျွမ်းကျင်တဲ့ CDM တပ်အရာရှိတွေကိုပါ ဖိတ်ခေါ်ကာ စုဖွဲ့အဖြေရှာခြင်းနည်းနဲ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ရေး အရေးတကြီးစတင်ကြဖို့ လိုပါမယ်။ 

သေနတ်ပါလာတဲ့ အလင်းဝင်စစ်သားတွေကို ဆုငွေချီးမြှင့်လိုက်ရုံနဲ့ အလုပ်မဖြစ်ကြောင်း ၂၀၂၅ အလင်းဝင်ကိန်းဂဏန်းတွေက သက်သေခံနေပြီ ဖြစ်ပါတယ်။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013