DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ထီးချိုင့်ကို သိမ်းပိုက်ပြီးနောက် ကသာကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး
ဟန်န
·
April 19, 2026
ထီးချိုင့်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် တွေ့ရသည့် စစ်သားများ။ (Photo: Pro-regime social media)
ထီးချိုင့်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် တွေ့ရသည့် စစ်သားများ။ (Photo: Pro-regime social media)
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် စစ်အာဏာရှင်တပ်က ကသာမြို့ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်ကစလို့ စစ်တပ်ဟာ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။ 

ဧပြီ ၁၇ ရက်နေ့မှာ ကသာမြို့နဲ့ ၈ မိုင်အကွာကို ရောက်ရှိနေပြီဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတချို့ကို ပြန်လက်လွှတ်လိုက်ရတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“အဲဒီစစ်ကြောင်းက ၃ ကြောင်းထိုးတာ။  ထီးချိုင့်ကနေ ထွက်ကတည်းကို ၃ ကြောင်းထိုးတာ။ ညာဘက်ကို တကြောင်း၊ ဘယ်ဘက်ကို တကြောင်း၊ ထီးချိုင့်-ကသာကနေ ကျောင်းကုန်း-အင်းတော် ဘက်ကို လာတဲ့ဘက်ကို တကြောင်း၊ ၃ ကြောင်းထိုးလာတာ။ တိုးသွားတဲ့ စစ်ကြောင်းက ထီးချိုင့် ဧရာဝတီမြစ်အဆန် ကသာဘက်ခြမ်း တက်လာတဲ့ စစ်ကြောင်းက မနေ့က (ဧပြီ ၁၇ ရက်) အထိတော့ ကသာနဲ့ ၇ မိုင်၊ ၈ မိုင်လောက်ဝေးတဲ့ နေရာရောက်နေပြီ။ အဲချိန်မှာ အဲဒီကကျေးရွာတွေအကုန်လုံး သူတို့ ပြန်ယူထားပြီ။ ပထမတော့ ကျနော်တို့ဘက်က ကိုင်ထားတဲ့အခြမ်းတွေ၊ အဲဒီဘက်ခြမ်းတွေက။ နောက်တရက် နှစ်ရက်ဆို ကသာကို ဝင်မယ်နေမှာ။ ပြီးမှ ကသာရဲ့ အရှေ့ဘက်ခြမ်းက ငအိုးဘက်ကို သွားမယ်ထင်တယ်။ ငအိုးမှာရှိတာကိုး ခွေးတပ်တွေက။ အဲဒီကို သွားပေါင်းမဲ့သဘော ရတယ်။ ထွက်တုန်းက ၃၀၀ နဲ့ ၃ ကြောင်း ထွက်ခဲ့တာပေါ့။”

စစ်ကြောင်း စတင်ထိုးတဲ့ ဧပြီ ၁၃ ရက်ကတော့ ကသာမြို့နဲ့ ထီးချိုင့်နယ်အစပ်မှာ နှစ်ဖက် တပ်တွေအကြား ထိတွေ့မှုတွေရှိခဲ့ပေမဲ့ ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပွားတာတော့ မရှိသေးဘူးလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ထိတွေ့မှုက ထီးချိုင့်နား ကာထားတဲ့ရွာတွေပဲ ထိတွေ့မှု ဖြစ်တာပေါ့။ ကျန်တဲ့ ၂ ကြောင်းက ဘာမှမဖြစ်ဘူး။ ရွာတွေလည်း ခါတိုင်းလို မီးတော့ မရှို့ဘူး။ ခုထက်ထိတော့ ဘာမှ မကြားရသေးဘူး” လို့ ပြောပါတယ်။

စစ်ကြောင်းထိုးလာတာကြောင့် ထီးချိုင့်၊ ကသာမြို့နယ်အစပ် ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာအကုန်လုံးနီးပါး ဧပြီ ၁၃ ရက်ကတည်းက ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဟာ ထီးချိုင့်မြို့ကနေ မြစ်ကမ်းဘေး ကျေးရွာတွေတလျှောက်ကနေ ကသာမြို့နယ်အထိ သွားတာဖြစ်ပြီး လမ်းတလျှောက် နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်တာ မရှိပေမဲ့ စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်တာတော့ရှိခဲ့တယ်လို့ ကသာဒေသခံတချို့က ပြောပါတယ်။

စစ်တပ်ဟာ ဧရာဝတီမြစ်ရေတက်ချိန်ဖြစ်တဲ့ မိုးတွင်းကာလတိုင်းမှာ မြစ်ကြောင်းကို အသုံးချပြီး မန္တလေးမြို့ကနေ ဗန်းမော်မြို့အထိ နှစ်စဥ်နှစ်တိုင်းလိုလို စစ်သင်္ဘောကြီးတွေနဲ့ လေကြောင်းအင်အားပါ အသုံးပြုပြီး စစ်လက်နက် ရိက္ခာတွေ တင်ပို့လေ့ရှိတာဖြစ်ပါတယ်။

ကသာမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၊ စစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲ လုပ်နေတဲ့ကာလအတွင်း တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီး ဒီနေ့အထိ နှစ်ဖက်တပ်အခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013