DVB Logo
Home
နိုင်ငံတကာ
အချိန်မနှောင်းမီ သဘောတူညီမှုယူရန် ကျူးဘားကို ထရမ့်ပ် တိုက်တွန်း
DVB
·
January 12, 2026
အချိန်မနှောင်းမီ သဘောတူညီမှုယူရန် ကျူးဘားကို ထရမ့်ပ် တိုက်တွန်း
Donate to DVB

အချိန်မနှောင်းမီ သဘောတူညီမှုယူဖို့ ကျူးဘားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်းလိုက်ပါတယ်။

ကျူးဘားဟာ ဗင်နီဇွဲလားနိုင်ငံကနေ ရေနံနဲ့ ငွေကြးတွေကို နှစ်ပေါင်းများစွာ ရခဲ့ပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားသမ္မတကို အမေရိကန်က ဖမ်းဆီးခဲ့ပြီးနောက် ကျူးဘားကို ရေနံနဲ့ ငွေကြေးပံ့ပိုးမှု ရပ်ထားတာကြောင့် ထရမ့်ပ်က အခုလို တိုက်တွန်းခဲ့တာပါ။

“ကျူးဘားအတွက် ရေနံနဲ့ ငွေကြေးပံ့ပိုးမှုတွေ ထပ်ပြီးရှိမှာ မဟုတ်တော့ပါဘူး။ လုံးဝ မရှိတော့ဘူး။ အချိန်မနှောင်းခင် သဘောတူညီမှုရဖို့ အကြံပြုချင်ပါတယ်” လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

အမေရိကန်ထောက်လှမ်းရေးက ကျူးဘားနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေကို စိုးရိမ်စရာ ကောင်းတယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် ထရမ့်ပ်ရဲ့မှတ်ချက် ထွက်ပေါ်လာတာပါ။

ဒါပေမဲ့ ဗင်နီဇွဲလားရဲ့ အထောက်အပံ့ မရပေမဲ့ ကျူးဘားရဲ့ အခြေအနေဟာ ချက်ချင်းပြိုလဲမဲ့အရေး မရှိသေးဘူးလို့ အစီရင်ခံစာထုတ်ပြန်ခဲ့သူ ၃ ယောက်က ရိုက်တာကို ပြောထားပါတယ်။

ကျူးဘားနိုင်ငံဟာ အချုပ်‌အခြာအာဏာပိုင်တဲ့ နိုင်ငံဖြစ်ပြီး ရေနံတင်သွင်းခွင့်ရှိတယ်လို့ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က ဆိုရှယ်မီဒီယာ X မှာ တုံ့ပြန်ထားပါတယ်။

ဗင်နီဇွဲလားဟာ ကျူးဘားကို ရေနံအဓိက ထောက်ပံ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးခဲ့ပြီးနောက် ကျူးဘားနိုင်ငံကို ရေနံတင်သင်္ဘောတွေ လာရောက်တာမျိုး မရှိတော့ပါဘူး။

ကျူးဘားသမ္မတ မီဂယ်ဒီရက်ကာနေးက “ကျူးဘားဟာ လွတ်လပ်တယ်၊ အမှီအခိုကင်းတဲ့ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေက သူတို့ဖြစ်စေချင်သလို ထိန်းချုပ်လို့ မရပါဘူး။ ကျူးဘားက တိုက်ခိုက်တာ မဟုတ်ဘဲ တိုက်ခိုက်ခံရတာပါ။ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ၆၆ နှစ်ကြာ ခံခဲ့ရပါတယ်။ ကျနော်တို့နိုင်ငံကို နောက်ဆုံးသွေးတစက် ကျန်တဲ့အထိ ကာကွယ်ဖို့ အသင့်ပါပဲ” လို့ ပြောပါတယ်။

ကျူးဘားနိုင်ငံဟာ ဗင်နီဇွဲလားကထွက်တဲ့ ရေနံစိမ်းတွေအပေါ် မှီခိုနေရတဲ့နိုင်ငံဖြစ်ပြီး မက္ကဆီကိုနိုင်ငံကတော့ ရေနံစိမ်းတင်သွင်းမှု အနည်းငယ်ရှိပါတယ်။ ကျူးဘားနိုင်ငံဟာ လျှပ်စစ်စွမ်းအင်နဲ့ ယာဉ်တွေ မောင်းနှင်ဖို့ ရေနံတင်သွင်းမှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013