
အခြေခံအဆောက်အအုံ၊ ရေနဲ့ လျှပ်စစ်မီး ပြတ်လပ်မှုတွေကြောင့် ကျူးဘားကျွန်းတဝန်းလုံးမှာ ဗိုင်းရပ်စ် အသည်းရောင်ရောဂါ အမျိုးအစားတခုအပါအဝင် ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုနှုန်း အပြင်းအထန် မြင့်တက်လာနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးတာဝန်ရှိသူတွေက ပြည်သူတွေကို သတိပေးနှိုးဆော်ထားပါတယ်။
ပူပြင်း စိုထိုင်းတဲ့ ရာသီဥတုနဲ့ မိုးရွာသွန်းမှုတို့ကြောင့် ရာသီအလိုက် အေးဒီးစ်ခြင်တွေ ပေါက်ပွားမှုနှုန်း မြင့်တက်လာပြီး သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေးရောဂါတွေ ပျံ့နှံ့မှုကို အားပေးနေတယ်လို့ ကျူးဘားပြည်သူ့ကျန်းမာရေး ဒုတိယဝန်ကြီး ကာရီလ်ဒါ ပီနာ ဂါစီယာက ပြောပါတယ်။
မကြာသေးမီက ကျူးဘားကျန်းမာရေးတာဝန်ရှိသူတွေက နိုင်ငံအတွင်း ရောဂါတွေ ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဝန်ခံပြောကြားခဲ့ပါတယ်။
ဩဂုတ်လအတွင်း ကျူးဘားနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃,၀၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အခုနှစ်အတွင်း ရောဂါဖြစ်ပွားသူ ၇,၀၀၀ ကျော်ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက တွေ့ရှိမှတ်တမ်းတင်ခဲ့ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်တွေကိုက်လို့ လူတွေဆီ ကူးစက်တတ်ပြီး ပြင်းထန်တဲ့ အဖျားနဲ့ ကြွက်သားနာကျင်ကိုက်ခဲခြင်းတို့လို လက္ခဏာတွေကို ဖြစ်စေပါတယ်။
ပြင်းထန်တဲ့ အခြေအနေတွေမှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် တနေ့ကို ရေအနည်းဆုံး ၃ လီတာလောက် သောက်ဖို့နဲ့ နာကျင်ကိုက်ခဲမှု သက်သာစေဖို့ အက်စပရင်အစား အက်စီတာ မီနိုဖန်ဆေးကိုသာ သောက်ဖို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။
အရေးကြီးဆုံးအချက်ကခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့ လုံလောက်အောင် အနားယူဖို့နဲ့ အရည်များများသောက်ဖို့ ဖြစ်ပါတယ်။
နိုင်ငံအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ခြင်ပေါက်ပွားရာနေရာတွေကို ဖယ်ရှားရှင်းလင်းခြင်းအားဖြင့် သွေးလွန်တုပ်ကွေးနဲ့ တခြားရောဂါဖြစ်ပွားမှုတွေကို ထိန်းချုပ်ရာမှာ ပြည်နယ် အစိုးရဌာနဆိုင်ရာတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ အလွန်အရေးကြီးတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောထားပါတယ်။
Source: Reuters










