DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များအတွက် ရေသန့်စင်စက်များ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်နှင့်အဖွဲ့  လုပ်ဆောင်ပေး    
DVB
·
January 11, 2026
ကရင်နီစစ်ရှောင်များအတွက် ရေသန့်စင်စက်များ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်နှင့်အဖွဲ့  လုပ်ဆောင်ပေး    
Donate to DVB

ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်စခန်း ၁၂ ခုအတွက် ရေသန့်စင်စက် ၁၀ ခုကို အောင်မြင်စွာ တည်ဆောက်ပေးနိုင်ခဲ့တယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်တဲ့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောပါတယ်။

၂၀၂၆ ခုနှစ်ကို ရည်ရွယ်ချက်နဲ့ အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ စတင်လိုက်တာလို့ ကင်မ်အဲရစ်က သူ့ရဲ့လူမှုကွန်ရက်မှာ ပြောထားပါတယ်။

“အဖွဲ့သားတွေရဲ့ စေတနာနဲ့ မနားမနေ လုပ်ဆောင်မှုတွေကြောင့် ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၂ ခုအတွက် ရေသန့်စင်စက် ၁၀ ခုကို အောင်မြင်စွာ တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ သန့်ရှင်းတဲ့ရေဟာ အခြေခံကျတယ်ဆိုပေမဲ့ အသက်ကယ်နိုင်တဲ့အထိ အကျိုးသက်ရောက်မှု ရှိပါတယ်။ စစ်အစိုးရရဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ မိသားစုတွေအတွက် ဘေးကင်းတဲ့ရေဟာ ကျန်းမာရေး၊ လူ့ဂုဏ်သိက္ခာနဲ့ မျှော်လင့်ချက်နဲ့ နောက်ထပ်တနေ့ကို ရှင်သန်နိုင်ရေးအတွက် အရေးတကြီး လိုအပ်ချက်ဖြစ်တယ်။”

ဒါ့အပြင် ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအကျဆုံး အထောက်အပံ့ကို လိုအပ်သူတွေ အတွက် ကြိုးစားလုပ်ဆောင်ပေးနေတာကို အကျဉ်းကျခံနေရတဲ့ မိခင်ဖြစ်သူသိရင် ဝမ်းသာလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ကင်မ်အဲရစ်က ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ လွတ်လပ်မှုဆိုတာ အကျဉ်းထောင်ကနေ လွတ်မြောက်မှ လွတ်လပ်မှု မဟုတ်ပါဘူး။ လူတွေဟာ လူ့ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းပြီး ဂရုစိုက်ခံရပြီး နေထိုင်ရခြင်းဟာလည်း လွတ်လပ်မှုဖြစ်တယ်။”

အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတ အပါအဝင် အတိုက်အခံတွေ၊ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေကို ပြီးခဲ့တဲ့ အာဏာသိမ်း အချိန် ၅ နှစ်နီးပါး ကာလတွေအတွင်းမှာ ဆက်တိုက်ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ချက်ချင်းပဲ ဖမ်းဆီးထိန်းသိမ်းကာ ပြစ်မှုအမျိုးမျိုးတပ်ပြီး လူထုလှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲလိမ်လည်မှု စတဲ့အမှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပါတယ်။

အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းသားတယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့် မရသလို သူ့ရဲ့ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရဘဲ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ခံထားရပြီး ဘယ်နေရာမှာ အကျဉ်းချခံထားရတယ် ဆိုတာတောင် သားဖြစ်သူအနေနဲ့ သိရှိခွင့်မရ ဖြစ်နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ “All in One Piece Movement” လှုပ်ရှားမှုကို ကင်မ်အဲရစ်က ဦးဆောင်ပြီး ကမ္ဘာတဝန်းမှာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့ပါတယ်။

Photo: Kim Aris

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013