DVB Logo
Home
ဆောင်းပါး
ဗိုလ်မှူးကတော် မခိုင်ဇော် သတင်းနှင့်  အသံလွှင့်သမားဘဝ ပြန်ပြောင်းသတိရချက်များ
DVB
·
January 11, 2026
ဗိုလ်မှူးကတော် မခိုင်ဇော် သတင်းနှင့်  အသံလွှင့်သမားဘဝ ပြန်ပြောင်းသတိရချက်များ
Donate to DVB

၁၉၉၆။

အော်စလိုမြို့ စိန့်အိုလပ်စ် ပလပ်စ်လမ်းထဲက ဒီမိုရက်တစ်မြန်မာ့အသံ DVB အသံလွှင့်ဌာနကို အန်ကယ်ကြီး ဒေါက်တာအောင်ခင်က အယ်ဒီတာချုပ်အဖြစ် ရောက်လာပါတယ်။

အဲဒီနှစ်ထဲမှာပဲ DVB ရဲ့ အသံလွှင့်ပုံစနစ် တဆင့်ပြောင်းခဲ့ပါတယ်။ ဒီအရင်ကတော့ ကျနော်တို့က တိတ်ခွေနဲ့ တနေ့တာ အသံလွှင့်အစီစဉ် နာရီဝက်စာကို ကြိုတင်ပြီးအသံသွင်းရပါတယ်။ 

အဲဒီနေ့ တာဝန်ကျသူအစီအစဉ်မှူးက သတင်းနဲ့ အခြားအစီစဉ်တွေကို သူတဦးတည်း အစအဆုံး စီစဉ်အသံသွင်းရပါတယ်။ အသံလွှင့်နိဒါန်းအဖွင့်စကားနဲ့ နိဂုံးချုပ်အပိတ်စကားကအစ နေ့စဉ်အလှည့်ကျ တာဝန်ကျသူက သူတဦးတည်း စီစဉ်အသံသွင်းရတာပါ။ ပြီးတော့မှ နေ့လယ် ၁၂ နာရီမှာ စတင်အသံလွှင့်ရတာပါ။ 

အော်စလို နေ့လယ် ၁၂ နာရီ အသံလွှင့်ချိန်က မြန်မာပြည်မှာ‌တော့ ည ၇ နာရီတိတိမှာ ဖမ်းယူ နားဆင်လို့ရပါတယ်။ စိတ်ညစ်ဖို့ကောင်းတာကတော့ အော်စလိုကနေ မြန်မာပြည်ကို ရာသီ ၅ မျိုးကို ဖြတ်သန်းရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အသံမကြည်လင်နိုင်ခဲ့ပါဘူး။

ဒီတုန်းက ဒေါက်တာအောင်ခင်က အယ်ဒီတာချုပ်ပါ။ ကျနော် မှတ်မိသလောက်ဆိုရင် မသီတာက သီချင်းကဏ္ဍ၊ ကိုမောင်မောင်မြင့်က ရွှေမောင်းဒေါင်းညိုကဏ္ဍ၊ ကိုအေးချမ်းနိုင်က လူ့အခွင့်အရေးကဏ္ဍ၊  ကိုမွန်းအောင်က အော်စလိုမှ အိတ်ဖွင့်ပေးစာ၊ မမိုးမိုးထွန်းက ကလေးများကဏ္ဍ၊ ကျနော်က တော်လှန်ရေးကဗျာမိတ်ဆက်။ အဲသလို တဦးချင်း တာဝန်ယူပြီး အပတ်စဉ်အစီစဉ်တွေ တင်ဆက်ခဲ့ကြပါတယ်။

မှတ်မိသလောက် ပြောရရင် ဒီတုန်းက တိုင်းရင်းသားဘာသာနဲ့လည်း အသံလွှင့်ပါသေးတယ်။ ကိုမွန်းအောင်က ကချင်ဘာသာ၊ ကိုကျော်‌ကျော်က မွန်ဘာသာ၊ စောနယ်လ်ဆင်ခူးက ကရင်ဘာသာ အသံလွှင့်ပါတယ်။

ဒီတုန်းက ကျနော် အနှစ်သက်ဆုံးက ရွှေမောင်းဒေါင်းညိုကဏ္ဍပါ။ အောင်လည်း အောင်မြင်ခဲ့ပါတယ်။ ရွှေမောင်းနဲ့ ဒေါင်းညို အပြန်အလှန် စကားပြောခန်းပါ။ ဟာသနှော နိုင်ငံရေးသရော်ချက် ထိုးနှက်ချက်တွေပါ။ ရွှေမောင်းအနေနဲ့ ကိုအေးချမ်းနိုင်၊ ဒေါင်းညိုအနေနဲ့က ကိုမောင်မောင်မြင့်က ဝင်ပြီး ပြောခဲ့ကြပါတယ်။ 

အစီအစဉ်အားလုံးရဲ့ထိပ်မှာ နေ့စဉ် သတင်းအစီစဉ်ရှိပါတယ်။ မနက် ရုံးရောက်တာနဲ့တပြိုင်နက် ဒေါက်တာအောင်ခင်က သတင်းတွေကို တယောက်ကို အနည်းဆုံး ၂ ခု ဘာသာပြန်ခိုင်းပါတယ်။ အသံလွှင့်တဲ့အခါ ကိုယ် ဘာသာပြန်တာကို ကိုယ်ကိုယ်တိုင် ဖတ်ရပါတယ်။ အယ်ဒီတာချုပ် ဒေါက်တာအောင်ခင်ကအစ ကိုယ်တိုင်ဖတ်ကြရပါတယ်။

သတိရလို့ ပြောရရင် ဒီတုန်းက ဆက်သွယ်ရေးစနစ်တွေကလည်း အခုလို ခေတ်မမီသေးပါဘူး။ ဒီကြားထဲ DVB မှာက နယ်မြေခံသတင်းထောက်တွေလည်း စနစ်တကျ ပုံမှန်ခန့်ထားနိုင်ခြင်း မရှိသေးပါဘူး။ ဒီတော့ နိုင်ငံတကာသတင်းစာတွေနဲ့ ထိုင်းနိုင်ငံ အင်္ဂလိပ်သတင်းစာတွေမှာ ပါလာတဲ့ သတင်းတွေကို ဘန်ကောက်မှာရှိတဲ့ မကဒတ ရုံးက Fax နဲ့ နေ့စဉ် ပို့ပေးရပါတယ်။ အဲဒါတွေကို ကျနော်တို့က ဘာသာပြန် ပြန်ဖတ်ကြရတာပါ။ အဓိက အားကိုးခဲ့ကြရတာကတော့ Bangkok Post နဲ့ The Nation သတင်းစာ နှစ်ခုကိုပဲ အားကိုးခဲ့ကြရပါတယ်။ 

ဒီနေရာမှာ အထက်အစပိုင်းမှာ ပြောခဲ့သလို ရီး လို့ခေါ်တဲ့ တိတ်ခွေအဝိုင်းကြီးနဲ့ အသံလွှင့်အစီစဉ်အားလုံး အသံမလွှင့်ခင် ကြိုတင်အသံဖမ်းယူ ပြင်ဆင်ထားကြရတဲ့သဘောပါ။ အဲသလို စီစဉ်မှုကို အယ်ဒီတာချုပ် ဒေါက်တာအောင်ခင်က မကြိုက်ပါဘူး။ “မင်းတို့ဟာက အသံလွှင့်ဌာန မဟုတ်ဘူး၊ အသံသွင်းဌာနသဘော ဖြစ်နေတယ်။ နေ့စဉ် သတင်းအစီအစဉ်ကို တိုက်ရိုက်အသံလွှင့်ရမယ်” လို့ ပြောလာပါတယ်။ DVB ရဲ့ တိုက်ရိုက်အသံလွှင့်အစီစဉ်ဟာ အဲဒီအချိန်ကြမှစတာပါ။ 

၁၉၉၅။

သတင်းတွေကို ဖတ်ကြားအသံလွှင့်တဲ့အခါ အစကတည်းက သတင်းအခြေအနေအပေါ် မူတည်ပြီး အယ်ဒီတာချုပ်က ပရင့်ထုတ်ထားတဲ့ ဘာသာပြန်ရမဲ့ စာရွက်ပေါ်မှာ သတင်းဖတ်ချိန် အတိုင်းအတာကိုပါ တပါတည်း ရေးပေးလိုက်တာပါ။ သတင်းဖတ်သူ ကျနော်တို့က သတ်မှတ်ထားတဲ့ အချိန်နဲ့ ကိုက်ညီအောင် အများမြင်သာအောင် ချိတ်ထားတဲ့ နံရံကပ်နာရီကြီးကို ကြည့်ပြီး ဖတ်ကြရတာပါ။ ဒီနေရာမှာ နေ့စဉ် တာဝန်ကျသူ တာဝန်မှူးက တနေ့တာ အသံလွှင့်အစီစဉ် အဖွင့်စကား၊ အသံလွှင့်အစီအစဉ်များရဲ့ အချိတ်အဆက်၊ နောက်ဆုံး အစီအစဉ်အရောက် နိဂုံးချုပ်စကားကအစ တော်တော်ကြိုးစားရ တာဝန်ယူရပါတယ်။ ကျနော်တို့ အားလုံး နေ့စဉ် တာဝန်မှူး အလှည့်ကျ ယူကြရပါတယ်။ ကျနော်ကတော့ အဖွင့်စကားတွေ ဖတ်ကြားချိန် သတ်မှတ်ထားတဲ့ သတင်းတွေ နိဂုံးချုပ်အပိတ်စကားတွေကို အစပိုင်းမှာ မလုပ်ရဲခဲ့ပါဘူး။ နီးစပ်ရာလူက သင်ပေးလို့သာ နောက်ပိုင်း သူများနည်းတူ တာဝန်ထမ်းဆောင်လာနိုင်ခဲ့တာပါ။

သတင်းတွေ တိုက်ရိုက်ဖတ်ကြားအသံလွှင့်ကာစက ကျနော်တို့မှာ သတ်မှတ်ပေးထားတဲ့ သတင်းဖတ်ချိန် အပိုအလိုမရှိ ကွက်တိကျအောင် နာရီကြည့်ပြီး ဖတ်ကြရတာမို့ တော်တော်ရင်ခုန်ကြရပါတယ်။ တော်တော်ကြိုးစားကြရပါတယ်။ တိုက်ရိုက်အသံလွှင့်နေတာ ဖြစ်လို့ မမှားရအောင် အချိန်ကွက်တိကျအောင် ကြိုးစားပြီး ဖတ်ကြရပါတယ်။ နောက်တော့လည်း တိုက်ရိုက်အသံလွှင့်ရတာကို ကျနော်တို့ တော်တော်ပျော်ခဲ့ကြရပါတယ်။

ဒီတုန်းက ရယ်စရာအတွေ့အကြုံ ရင်ခုန်စရာအတွေ့အကြုံတွေ အများကြီးပါပဲ။

တခါများ ထိုင်းအာဏာပိုင်တချို့နဲ့ ပလဲနံပသင့်ပြီး စီးပွားရေးလုပ်စားနေတဲ့ ဗိုလ်မှူးကတော် မခိုင်ဇော် သတင်း မကြာခဏ ဖတ်ကြားတင်ဆက်ရတာရှိပါတယ်။ ကံဆိုးချင်တော့ အဲဒီ ဗိုလ်မှူးကတော် မခိုင်ဇော် သတင်းဆိုရင် ဘာကြောင့်ရယ်မသိ အယ်ဒီတာချုပ် ဒေါက်တာအောင်ခင်က ကျနော့်ကိုပဲ ဖတ်ခိုင်းပါတယ်။ အစပိုင်းမှာ စိတ်ထဲ ပျော်သလိုရှိပေမဲ့ သုံး လေးရက် ဆက်တိုက် အဲဒီ ဗိုလ်မှူးကတော်မခိုင်ဇော်သတင်းတွေ ကျနော်ချည်းပဲ ဖတ်နေရတော့ စိတ်ညစ်လာရပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကလည်း စချင်ပြောင်ချင် ဖြစ်လာပါတယ်။ ခက်တာက အယ်ဒီတာချုပ် ဒေါက်တာအောင်ခင် ကိုယ်တိုင်ကလည်း ထိုင်းအာဏာပိုင်တွေနဲ့ ပေါင်းပြီး စီးပွားရေးလုပ်နေတဲ့ အဲဒီ မခိုင်ဇော် သတင်းတွေအပေါ် တော်တော် အမြင်ကတ် တော်တော်အာရုံကျနေဟန်တူပါရဲ့။ ကျနော့်မှာ ငြင်းဆန်လို့ကလည်း မဖြစ်တော့ နေ့စဉ် ဒီ ဗိုလ်မှူးကတော် မခိုင်ဇော် သတင်းကို ဖတ်နေရတာ တော်တော်ခွကျရပါတယ်။ တော်ပါသေးရဲ့။ လေးရက်လောက်ရှိမှပဲ ဗိုလ်မှူးကတော် မခိုင်ဇော် သတင်းက ရပ်သွားပါတော့တယ်။ 

နောင် အလျဉ်းသင့်တဲ့အခါ သည်အကြောင်းအရာတွေကို အခြေအနေပေးသလောက် ဆက်ရေးပါဦးမယ် ခင်ဗျား။ မှတ်တမ်းသဘောလည်းဖြစ်၊ လွမ်းတဲ့ သဘောလည်းဖြစ် ဆိုပါတော့။

ငြိမ်းဝေ

မှတ်ချက်။ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးသမိုင်းမှာ DVB ရဲ့ အခန်းကဏ္ဍဟာ တခန်းတကဏ္ဍ ပါဝင်ခဲ့တယ်လို့ ကျနော် ယူဆပါတယ်။ တန်ဖိုးလည်း ထားပါတယ်။ ဒီအမြင် ဒီစိတ်နဲ့ ဒီဆောင်းပါးကို ရေးတာပါ။ လိုတာရှိ မှားတာရှိရင် ဖြည့်စွက်ကြ ထောက်ပြကြပါ ခင်ဗျား။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013