DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ပစ်ခတ်မှုပြင်းထန်၊ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁ ဦး ဒဏ်ရာရ
DVB
·
January 11, 2026
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ပစ်ခတ်မှုပြင်းထန်၊ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁ ဦး ဒဏ်ရာရ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းမှာ ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတယောက် သေနတ်ထိမှန် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း BD News 24 သတင်းမှာ ဇန်နဝါရီ ၁၀ ရက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် ညပိုင်းက နတ်မြစ်ထဲက ဝိုင်းကောင်းဧရိယာအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူ ငါးဖမ်းသမား မိုဟာမက် အာလမ်ဂီယာဟာ လတ်တလောမှာတော့ ကော့ဘဇားခရိုင်ထဲက ဆဒါးဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

တက်ကနက်ဖ်မြို့နယ် အုပ်ချုပ်ရေးမှူး မိုဟာမက် အီမာမူး ဟာဖစ်ဇ် နာဒင်းမ်က “အဲဒီညဘက်ပိုင်းက မြန်မာနိုင်ငံဘက်မှာ ပစ်ခတ်မှုတွေဖြစ်နေတုန်း နတ်မြစ်ထဲက ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတယောက်ကို ကျည်ဆန်ထိမှန်ခဲ့တာပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က ပြည်သူတွေအနေနဲ့ အထူးဂရုပြုပြီးတော့ သတိရှိရှိ နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားသလို နယ်စပ်ဒေသက ငါးဖမ်းသမားတွေနဲ့ ပြည်သူတွေအနေနဲ့လည်း ပဋိပက္ခအတွင်း ပါဝင်ပတ်သက်ခြင်း မရှိစေဖို့ သတိထား နေထိုင်ကြဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နယ်စပ်ဘက်က သေနတ်သံတွေကို အဆက်မပြတ် ကြားနေရကြောင်းနဲ့ သေနတ်သံတွေနဲ့အတူ ပေါက်ကွဲသံ အတော်များများကို ကြားခဲ့ရကြောင်း ဝိုင်းကောင်းဧရိယာ အမှတ် ၂ ရပ်ကွက် အဖွဲ့ဝင် စီရာဂျူး မူစတာဖာ လာလူက ပြောပါတယ်။

ဒဏ်ရာရ ငါးဖမ်းသမားရဲ့ အစ်ကိုဖြစ်သူ ဆာဝါ အာလမ်ကတော့ “သူတို့ လှေပေါ်မှာ ငါးဖမ်းပိုက်ချနေတုန်း ရုတ်တရက် အကျယ်ကြီး သေနတ်သံတချက် ကြားလိုက်ရတယ်။ အဲဒီမှာတင် အာလမ်ဂီယာဟာ လှေထဲကို လဲကျသွားတာပဲ” လို့ ပြောပါတယ်။

ကျည်ဆန်ဟာ အာလမ်ဂီယာရဲ့ ဘယ်ဘက်လက်ကို ဖောက်ထွက်သွားပြီး သွေးအမြောက်အမြား ထွက်ခဲ့တာကို နောက်မှ သိရှိခဲ့ရတာကြောင့် သူ့ကို တခြားတံငါသည်တွေရဲ့ အကူအညီနဲ့ ကယ်တင်ခဲ့ပြီး အူခီယာက ဆေးရုံဆီ ဦးစွာ ပို့ဆောင်ခဲ့ကာ အဲဒီကမှတဆင့် အဆင့်မြင့်ကုသမှု ခံယူနိုင်ဖို့ ကော့ဘဇား ဆဒါးဆေးရုံကို လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အူခီယာအခြေစိုက် အမှတ် ၆၄ BGB တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မိုဟာမက် ဇာဟီရူး အစ္စလာမ်က ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် နယ်စပ်တလျှောက် ကင်းလှည့်မှုတွေကို တိုးမြှင့်ထားတယ်လို့ ပြောပါတယ်။

“နတ်မြစ်ထဲမှာ ငါးဖမ်းသမားတယောက် သေနတ်မှန်တဲ့သတင်းကို ကျနော်တို့ သိရပါတယ်။ အခြေအနေကတော့ အခု ပုံမှန်ပါပဲ။”

တက်ကနက်ဖ်မြို့နယ်မှ အီမာမူး ဟာဖစ်ဇ် နာဒင်းမ်က “နယ်စပ်ဒေသက ငါးဖမ်းသမားတွေနဲ့ အရပ်သားတွေကို နယ်နိမိတ်နဲ့ ဝေးဝေးမှာနေဖို့နဲ့ အခုလို ပစ်ခတ်မှုတွေ ဖြစ်နေချိန်မှာ အထူးသတိထားကြဖို့ ညွှန်ကြားထားပါတယ်။ နတ်မြစ်အတွင်း ငါးဖမ်းတာကို ပိတ်ပင်ထားပေမဲ့ တချို့က သွားနေကြတုန်းပဲ။ ဒေသခံ တံငါသည်တွေကို အသိပညာပေးဖို့ လိုအပ်တဲ့အစီအစဉ်တွေ လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ပြင်းထန်လာတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က စတင်ကာ ကော့ဘဇားခရိုင်ထဲက အူခီယာနဲ့ တက်ကနက်ဖ် နယ်စပ်တွေမှာသာမက ဘန်ဒရီဘန်က နိုင်ခေါင်ဆာရီ နယ်စပ်တလျှောက်မှာလည်း ပေါက်ကွဲသံတွေ၊ ပစ်ခတ်သံတွေကို အကြိမ်ကြိမ် ကြားနေရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Ref: BD News 24

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013