
ဆူဒန်စစ်ပွဲဟာ ဇန်နဝါရီ ၉ ရက်မှာ ရက်ပေါင်း ၁,၀၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး သန်းပေါင်းများစွာသော အရပ်သားပြည်သူတွေလည်း ငတ်မွတ်ခေါင်းပါးမှုနဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီတွေက သတိပေး ပြောကြားခဲ့ပါတယ်။
သူတို့ရွေးချယ်တာမဟုတ်တဲ့ စစ်ပွဲတွေကြောင့် လူပေါင်း ၃၄ သန်းနီးပါးဟာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေပြီး ဒုက္ခခံစားနေရမှု ပမာဏမှာ အံ့မခန်းပါပဲလို့ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ညှိနှိုင်းရေးရုံး (OCHA) က ပြောရေးဆိုခွင့်ရှိသူ ယန်စ် လယ်ရ်ကဲက ပြောပါတယ်။
ကော်ဒိုဖန်ဒေသတဝန်းမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဝိုင်းရံပိတ်ဆို့မှုတွေကြောင့် “ကာဒူဂလီနဲ့ ဒီလင်းမြို့တွေကို သွားလာမှု ဖြတ်တောက်တာ၊ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီရတာ၊ လယ်ယာတွေနဲ့ ဈေးတွေထဲ ဝင်ရောက်ခွင့်ကို ကန့်သတ်တာ” တွေ ရှိတယ်လို့ ဆိုပါတယ်။
ယူနီဆက်ဖ် ပြောရေးဆိုခွင့်ရှိသူ ရီကာဒိုပီရက်စ်ကလည်း “ကလေး ၅ သန်းကျော်ဟာ သူတို့ရဲ့နေအိမ်တွေကနေ အတင်းအကျပ် ထွက်ခွာခဲ့ရပြီး ဒီပဋိပက္ခ စတင်ချိန်ကတည်းက နေ့စဉ် ကလေး ၅,၀၀၀ နေရပ်စွန့်ခွာနေရတာနဲ့ ညီမျှနေတယ်” လို့ ပြောကြားခဲ့ပါတယ်။
OCHA ပြောရေးဆိုခွင့်ရှိသူ လယ်ရ်ကဲဟာ ရန်လိုမှုတွေကို ချက်ချင်းရပ်တန့်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆီ အမှန်တကယ်ခြေလှမ်းတွေအတွက် အရေးတကြီး တောင်းဆိုချက်တရပ်ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို အပြည့်အဝ လေးစားလိုက်နာမှုနဲ့ အရပ်သားတွေနဲ့ အကူအညီပေးရေးလုပ်သားတွေကို ကာကွယ်ပေးဖို့တွေ အတွက်လည်း တောင်းဆိုခဲ့ပါတယ်။
Source: Reuters










