
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒါဖာ (Darfur) ဒေသနဲ့ပတ်သက်ပြီး ဆူဒန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု သက်တမ်းကို လုပ်ထုံးလုပ်နည်းဆိုင်ရာအရ ဆက်တိုးမြှင့်ထားရှိရေး ဆုံးဖြတ်ချက်တရပ်ကို အတည်ပြုခဲ့ပါတယ်။
ဆုံးဖြတ်ချက်အမှတ် ၂၈၂၈ အရ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီက တညီတညွတ်တည်း အတည်ပြုခဲ့တာပါ။
အတည်ပြုချက်ထဲမှာ လက်နက်ရောင်းချမှုနဲ့ ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပိတ်ပင်တာ အပါအဝင် ပိတ်ဆို့အရေးယူမှုတွေကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်ပါတယ်။
ဒါ့အပြင် ဆုံးဖြတ်ချက်ဟာ ဆူဒန်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုကော်မတီကို ကူညီပံ့ပိုးပေးနေတဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့ (Panel of Experts) ရဲ့ လုပ်ငန်းတာဝန်သက်တမ်းကိုလည်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။
နည်းပညာပိုင်းဆိုင်ရာ သက်တမ်းတိုးမြှင့်ခြင်းဟာ လက်ရှိအစီအမံတွေကို ရေတိုကာလအတွက် ရိုးရိုးရှင်းရှင်း သက်တမ်းတိုးလိုက်တာဖြစ်ပြီး၊ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အချိန်ပိုရအောင် ရည်ရွယ် အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဆူဒန်နိုင်ငံဆိုင်ရာ ပိတ်ဆို့အရေးယူမှုကိစ္စရပ်အတွက် ဦးဆောင်တာဝန်ယူထားတဲ့ အမေရိကန်နိုင်ငံက စက်တင်ဘာ ၁၁ ရက်မှာ အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ရေးဆွဲခဲ့ပါတယ်။











