DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့သည့် ကော့မှူးတွင် မဖြစ်မနေမဲပေးကြရန် စစ်ကောင်စီက ဖိအားပေးစေခိုင်း
DVB
·
January 11, 2026
ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့သည့် ကော့မှူးတွင် မဖြစ်မနေမဲပေးကြရန် စစ်ကောင်စီက ဖိအားပေးစေခိုင်း
Donate to DVB

ဖမ်းဆီးခံ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၃ ကြိမ်စလုံး ဝင်ရောက်အရွေးခံအနိုင်ရရှိခဲ့တဲ့  ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှာ မဖြစ်မနေ ဆန္ဒမဲ ပေးကြဖို့ စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေရှိနေပေမဲ့ ဒေသခံတွေကတော့ မဲ မထည့်ချင်ကြဘူးလို့ ပြောပါတယ်။

ကော့မှူးမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်လာတာဖြစ်ပြီး ဒီကနေ့ ရွေးကောက်ပွဲအတွက် မဲရုံတွေကို ကြိုတင်ပြင်ဆင်ထားတာကို တွေ့ရပြီး ကြိုတင်မဲတွေလည်း ပေးခဲ့ရပေမဲ့ မဲထည့်ချင်တဲ့သူ မရှိသလောက်ပဲလို့ ဒေသခံက ပြောပါတယ်။

“အဘွားက အခု ကျန်းမာရေးမကောင်းဘူး မသိဘူး။ ဒါပေမဲ့ တခုတော့ရှိတယ်။ ရွာထဲကလူတွေက လုံးလုံးမထည့်ချင်တဲ့သူတွေ ရှိတယ်။ ထည့်တဲ့သူက တွေးပူမှာစိုးတဲ့မထည့်ချင်ပဲနဲ့ ထည့်တာရှိတယ်။ တယောက်မှ မထည့်ချင်ဘူး။ နင်တို့ ကန့်လန့်မလုပ်နဲ့ ဝါးသင်္ခ၊ အဲဒီတုန်းက ကွမ်းခြံကုန်းပဲ ဝါးသင်္ခတရွာပဲ မီးလောင်တယ်လို့။ ဒါ နာမည်ကြီးလို့။ အခုလည်း နာမည်ကြီးတယ်။ ကိုယ်တယောက်တည်း ခံယူချက်နဲ့ တယောက်အတွက်နဲ့ ရွာကို မဖြိုပါနဲ့။ သူတို့သဘောသာ လိုက်လိုက်။ ငါ့ခံယူချက်နဲ့ ပြောတာနော်။”

ကော့မှူးမြို့နယ်မှာ မဲလာပေးကြဖို့ အသံချဲ့စက်နဲ့ လိုက်လံအော်ဟစ်နေပြီး မဲရုံအတွင်းကို ဖုန်းမယူလာဖို့နဲ့ ယူလာပါက သိမ်းဆည်းမှာဖြစ်တယ်လို့လည်း ထည့်သွင်းကြေညာပါတယ်။

ဒါ့အပြင်  ကော့မှူးမြို့နယ်မှာ မဲမဖြစ်မနေပေးဖို့  ဖိအားတွေ ရှိနေတာကြောင့် မြို့နယ်ပြင်ပကို ရောက်ရှိနေကြတဲ့ ဒေသခံတွေဟာ ဇန်နဝါရီ ၁၀ ရက်မှာ မြို့ကိုပြန်လာကြရပြီး ဒလ - ကျိုက်ထော် ပြေးဆွဲနေတဲ့ ယာဥ်တွေ မလုံလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

“အကုန်ထည့်ရမှာလေ။ မထည့်လို့မရဘူးလေ။ သူတို့က အကုန်ပြန်ခေါ်ခိုင်းထားတာ။ အဲဒီတော့ အလုပ်သွားလုပ်တဲ့သူတွေလည်း ထည့်ရမှာပဲ ဆိုတော့ ပြန်လာကြတာလေ။ လူကြီးတွေက ပြောတာပေါ့၊ မဖြစ်မနေထည့်ရမယ်။ ရန်ကုန်တိုင်း လူမှန်သမျှ အကုန်ပြန်ခေါ်၊ အလုပ်လုပ်တဲ့သူ မှန်သမျှ၊ နိုင်ငံခြားထွက်သွားတဲ့လူကတော့ ခေါ်လို့မရဘူးပေါ့။ အဲဒီတော့ ဒီနေ့အလုပ်လုပ် ပြီးတော့ ညနေဘက်ကျတော့ ပြန်လာကြတော့ လူများတာပေါ့။”

၂၀၂၅ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း - ၂ မှာ ကော့မှူးမြို့နယ် အပါအဝင် ကွမ်းခြံကုန်း၊ လသာ၊ ပန်းဘဲတန်း၊ ဗဟန်း၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ တောင်ဥက္ကလာစတဲ့ မြို့နယ်ပေါင်း ၁၆ မြို့နယ် ပါဝင်တယ်။ 

ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာအရ တိုင်းနဲ့ ပြည်နယ် ၁၂ ခုမြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013