DVB Logo
Home
မြန်မာသတင်း
Mytel နှင့် ဆက်စပ်သည့် Facebook စာမျက်နှာ ၁,၀၀၀ ကျော် ဖယ်ရှားခံရ
DVB
·
January 10, 2026
Mytel နှင့် ဆက်စပ်သည့် Facebook စာမျက်နှာ ၁,၀၀၀ ကျော် ဖယ်ရှားခံရ
Donate to DVB

စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီနဲ့ ဆက်စပ်တဲ့ Facebook Page၊ Group နဲ့ အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို Facebook က သူတို့ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။

Facebook ဟာ Mytel စာမျက်နှာအပါအဝင် Mytel ကိုယ်စားလှယ်တွေနဲ့ လက်လီအရောင်းဆိုင်တွေရဲ့ စာမျက်နှာပေါင်း ၁,၀၀၀ ကျော်ကို ဖယ်ရှားလိုက်တာလို့ JFM ရဲ့ ဇန်နဝါရီ ၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Facebook လူမှုကွန်ရက် မိခင်ကုမ္ပဏီ Meta က အခုလို ဖယ်ရှားလိုက်တာကြောင့် မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးကွန်ရက်အပေါ် ထိုးနှက်ချက်တခု ဖြစ်လာစေတယ်လို့ JFM က ဆိုပါတယ်။

အခုလို ဖယ်ရှားလိုက်တာဟာ Meta က ၂၀၂၁ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်တဲ့ မူဝါဒနဲ့ ကိုက်ညီတယ်လို့လည်း ဆိုပါတယ်။

အဲဒီအချိန်က Facebook ဟာ Mytel ကို ဖယ်ရှားခဲ့ပေမဲ့လည်း စစ်အုပ်စုပိုင်ကုမ္ပဏီဟာ စာမျက်နှာသစ်တွေ ဖွင့်လှစ်ပြီး ပိတ်ပင်မှုကို ရှောင်ရှားခဲ့သလို၊ တဘက်မှာလည်း Mytel ကိုယ်စားလှယ်တွေနဲ့ အရောင်းဆိုင်အကောင့်တွေဟာ လက်ရှိအချိန်ထိ လည်ပတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Mytel နာမည်နဲ့ လုပ်ကိုင်နေတဲ့ Telecom International Myanmar ကို စစ်တပ်စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global ကော်ပိုရေးရှင်းအပါအဝင် မြန်မာခရိုနီတွေနဲ့ ဦးပိုင်ကုမ္ပဏီတခုတို့က ပိုင်ဆိုင်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Mytel ဟာ မြန်မာပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းတာနဲ့ သတင်းအချက်အလက် စိစစ်ဖြတ်တောက်တာလည်း စစ်အုပ်စုအတွက် အကူအညီပေးနေတာလို့ JFM က ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ Mytel လုပ်ငန်းလည်ပတ်မှု ၅ နှစ်ကနေ ၉ နှစ်အတွင်း ရှယ်ယာ အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ ရရှိနိုင်ဖွယ်ရှိပြီး နောက်ထပ် ဒေါ်လာ သန်း ၄၅၀ ထပ်မံရရှိနိုင်တာကို တွေ့ရတယ်လို့လည်း JFM က တွက်ချက်ထားပါတယ်။

စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့တာနဲ့ ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းမှုတွေကို ကူညီပေးနေတဲ့ Mytel ဟာ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတယ်လို့လည်း JFM က ဆိုပါတယ်။

Mytel အပ်ပလီကေးရှင်းတွေကို Google Play Store နဲ့ Apple App Store တို့မှာ လက်ခံပေးထားတဲ့ Alphabet နဲ့ Apple တို့ အပါအဝင် တခြားနည်းပညာကုမ္ပဏီတွေအနေနဲ့ Mytel ကို ပိတ်ပင်အရေးယူပေးဖို့လည်း JFM က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013