DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုပိုင် Mytel ကုမ္ပဏီအား ကမ္ဘာ့ဖလားပွဲ ထုတ်လွှင့်ပြသခွင့်ပေးထားမှု ဖျက်သိမ်းပေးရန် ဖီဖာ ကို တောင်းဆို
DVB
·
June 12, 2026
Photo:Reuters
Photo:Reuters
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မြန်မာစစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီကို  မြန်မာနိုင်ငံ အတွင်း သီးသန့်ထုတ်လွှင့်ပြသခွင့် ပေးအပ်ထားတဲ့စာချုပ်ကို ဖျက်သိမ်းပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign UK က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ထံ တောင်းဆို လိုက်ပါတယ်။

အခုလို မြန်မာစစ်တပ်ကို သီးသန့်ထုတ်လွှင့်ပြသခွင့် ပေးအပ်တာဟာ မြန်မာနိုင်ငံရှိ ဘောလုံး ဝါသနာရှင်တွေကို သစ္စာဖောက်ဖျက်ရာရောက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Burma Campaign UK ဒါရိုက်တာ မာ့ခ်ဖာမနာက “ဖီဖာဟာ မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင်တွေ ကမ္ဘာ့ဖလားပွဲစဉ်တွေကို စိတ်အေးချမ်းသာ ကြည့်ရှုနိုင်ဖို့ သေချာအောင် လုပ်ဆောင်ပေးမဲ့အစား မြန်မာစစ်တပ်ဆီက ငွေယူဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ မြန်မာစစ်တပ်ပိုင် Mytel ကုမ္ပဏီဟာ ဘောလုံးဝါသနာရှင်တွေအနေနဲ့ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို မဖြစ်မနေ ဝယ်ယူရတော့မယ်ဆိုတာ သိတဲ့အတွက်ကြောင့် ဖီဖာက သူတို့ကို သီးသန့်ထုတ်လွှင့်ခွင့် ပေးအပ်လိုက်တာကို အောင်ပွဲ ခံနေကြပါတယ်။ ဖီဖာဟာ မြန်မာစစ်တပ်အတွက် အကျိုးအမြတ်တွေ ရရှိအောင် ကူညီပေးနေပြီး အဲဒီငွေတွေက စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေပေါ်ကို ကြဲချမဲ့ဗုံးတွေ ဝယ်ယူဖို့ ဖြစ်သွား ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဖီဖာက မြန်မာစစ်အုပ်စုပိုင် Mytel ကို ကမ္ဘာ့ဖလား ထုတ်လွှင့်ခွင့်လိုင်စင် ချပေးလိုက်တာက မြန်မာ ပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးအားမြှောက်ပြုရာ ရောက်တယ်လို့ Blood Money သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ကလည်း ပြောလိုက် ပါတယ်။

ဒါ့အပြင် ဒီလုပ်ရပ်ဟာ စစ်အုပ်စုရဲ့ နိုင်ငံအတွင်း စီးပွားရေးအရ လက်ဝါးကြီးအုပ်မှုတွေကို ပိုမိုအားပေးရာ ရောက်ပြီး ပြည်သူတွေကို ပိုမိုအကြမ်းဖက်နိုင်ဖို့ စစ်အုပ်စုအတွက် သွေးစွန်းငွေတွေ ရရှိစေမှာပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခု ၂၀၂၆ ခုနှစ်ရဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေကိုတော့ ဇွန် ၁၁ ရက်မှာ စတင်  ကျင်းပ နေတာဖြစ်ပြီး ဒီပွဲစဉ်တွေကို ပြသနိုင်ဖို့ နိုင်ငံအသီးသီးက ထုတ်လုပ်ခွင့်လိုင်စင် ဝယ်ယူရပြီး ဒါကို ဖီဖာက ခွင့်ပြုပေးရတာပါ။

နိုင်ငံရေးနဲ့ အားကစား မရောထွေးရ ဆိုပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံးအသင်း ဝန်ထမ်းတွေနဲ့ ဒိုင်တွေဟာ အမေရိကန်ရဲ့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရမှုအပေါ် ဖြေရှင်းနိုင်စွမ်း မရှိခဲ့ဘူးလို့ Blood Money သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။

တဖက်မှာတော့ နိုင်ငံရေးနဲ့ အားကစား မရောထွေးရဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပုံရပြီး ဖီဖာ က အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရတဲ့ မြန်မာစစ်အုပ်စုပိုင် Mytel ကို ကမ္ဘာ့ဖလား ထုတ်လွှင့်ခွင့်လိုင်စင် ချပေးခဲ့တယ်လို့ ဆိုပါတယ်။

Mytel ကုမ္ပဏီဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ မြန်မာ စစ်အုပ်စုပိုင် ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး စစ်အုပ်စုရဲ့ လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နည်းပညာအကူအညီတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီဖြစ်သလို ဗီယက်နမ်စစ်တပ်နဲ့ ပူးပေါင်း တည်ထောင်ထားတာလည်း ဖြစ်ပါတယ်။

အားကစားသမားတွေအပေါ် အမေရိကန်ရဲ့ ပြည်ဝင်ခွင့် ငြင်းပယ်မှုကို မဖြေရှင်းပေးနိုင်တဲ့ ဖီဖာဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုခံထားရတဲ့ Mytel ကို ထုတ်လွှင့်ခွင့်လိုင်စင် ချပေးတာဟာ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ Blood Money သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ၂၀၂၅ ခုနှစ်မှာ Mytel ကို ပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂ (EU) အနေနဲ့ ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်ခဲ့သလို ဗြိတိန်အစိုးရကလည်း  ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်ခဲ့လို့ အခုသီတင်းပတ် အစောပိုင်းက ဗြိတိန်ပါလီမန်မှာ ပိတ်ဆို့ အရေးယူဖို့ တောင်းဆိုမှုတွေနဲ့  ရင်ဆိုင်ခဲ့ရပါတယ်။

ဖီဖာဟာ မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင်တွေထက် မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ပြီး ရမဲ့ အကျိုးအမြတ်တွေကိုပဲ ရွေးချယ်ခဲ့ပါတယ်လို့ Burma Campaign UK အဖွဲ့မှ မာ့ခ်ဖာမနာက ပြောကြားပါတယ်။

ဖီဖာဟာ အရင်ကတည်းက နာမည်ပျက်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုလို မြန်မာစစ်တပ်နဲ့ ပူးပေါင်း လိုက်တာကြောင့် သူတို့ရဲ့ဂုဏ်သိက္ခာဟာ ပိုပြီးတော့တောင် ထိုးဆင်းသွားပါလိမ့်မယ်လို့ ပြောပါတယ်။

Burma Campaign UK အနေနဲ့ ဖီဖာထံ စာရေးသားပေးပို့ကာ အဆိုပါ စစ်တပ်ပိုင် Mytel ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ချက်ချင်းမရပ်စဲပါက ဖီဖာကို မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ‘Dirty List’ (နာမည်ပျက်စာရင်း) မှာ ထည့်သွင်းသွားမယ်လို့ သတိပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013