
မြန်မာစစ်ကောင်စီနဲ့ ဆိုမာလီယာနိုင်ငံတို့ဟာ သံအမတ်ကြီးအဆင့် သံတမန်အဆက်အသွယ် လုပ်ကြဖို့ ဇန်နဝါရီ ၉ ရက်မှာ ပူးတွဲကြေညာချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးအောင်ကျော်မိုးနဲ့ မလေးရှားနိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ်ကြီး အလီမိုဟာမက် အဘူခါတို့ဟာ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က စစ်ကောင်စီရဲ့ အီသီယိုပီးယားနိုင်ငံဆိုင်ရာ သံအမတ်ဟာ အဒစ်အဘာဘာမြို့၊ ဆိုမာလီယာသံရုံးကိုသွားပြီး အီသီယိုပီးယားနိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ်ကြီး မိုဟာမက်ဝါဖာကို သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီမှာ မြန်မာ-ဆိုမာလီယာ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ကိစ္စတွေ၊ ကဏ္ဍစုံမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အာဖရိက ဦးချိုနိုင်ငံလို့ ခေါ်ကြတဲ့ ဆိုမာလီယာဟာ အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာစစ်ကောင်စီဟာ နိုင်ငံပေါင်း ၁၂၇ နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးရှိလာပြီး ၂၀၂၃ ခုနှစ်မှာ နောက်ဆုံး သံတမန်အဆက်အသွယ်လုပ်ထားတာက အာဖရိက အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ဂီနီဘစ်ဆောနိုင်ငံဖြစ်ပါတယ်။











