အစိုးရတပ်ဖွဲ့တွေနဲ့ အတိုက်အခံအဖွဲ့တွေကြား တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ဆိုမာလီယာနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးရဲ့ အစိတ်အပိုင်းတွေမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ဇွန်လ ၄ ရက်မှာ ကြားခဲ့ရပါတယ်။
ရုပ်သံဗီဒီယိုထဲမှာတော့ လူသူကင်းမဲ့နေတဲ့ လမ်းတွေပေါ်မှာ သေနတ်သံတွေ ရံဖန်ရံခါ ကြားရပါတယ်။
လူတွေ လမ်းတဖက်ကို ပြေးလွှားနေတာကို မြင်တွေ့ရပြီး တချို့ကတော့ လမ်းထောင့်မှာ သတိထား စုဝေးနေကြပါတယ်။
တိုက်ပွဲတွေ တညလုံးဖြစ်ခဲ့ပြီး ကြာသပတေးနေ့အထိ ဆက်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရတပ်ဖွဲ့တွေနဲ့ အတိုက်အခံတွေ၊ မဟာမိတ်စစ်သွေးကြွတွေက မြို့ရဲ့အစိတ်အပိုင်းတွေမှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
သမ္မတ ဟာဆန်ရှိတ် မိုဟာမတ်ကို ဆန့်ကျင်ဆန္ဒပြဖို့ အစီအစဉ်မတိုင်မီ ပဋိပက္ခတွေ ဖြစ်ခဲ့တာပါ။ သမ္မတဟာ သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ရာထူးသက်တမ်း တိုးခဲ့တယ်လို့ နိုင်ငံရေးပြိုင်ဘက်တွေက စွပ်စွဲခဲ့ကြပါတယ်။
ပိုဆိုးရွားလာတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် မိုဂါဒစ်ရှူးမြို့တော်မှာ မတည်ငြိမ်မှုအပေါ် စိုးရိမ်စိတ်တွေ မြင့်တက်လာခဲ့ပြီး အရပ်သားတွေကတော့ တင်းမာမှုတွေကြားမှာ ပိတ်မိနေခဲ့ကြပါတယ်။
Source: Reuters










