DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ဥပဒေဖြင့် ပထမဆုံးထောင်ကျခံရသည့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း
DVB
·
January 9, 2026
ရွေးကောက်ပွဲ ဥပဒေဖြင့် ပထမဆုံးထောင်ကျခံရသည့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း
Donate to DVB

နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ မဲဆွယ်ရာမှာ နွေဦးတော်လှန်ရေးအရေးတော်ပုံ အသုံးအနှုန်းတွေကြောင့် အလုပ်နဲ့ ထောင်ဒဏ်တနှစ် ချမှတ်ခဲ့ပြီး စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲမှာ ပထမဆုံး ထောင်ဒဏ်ချခံရသူ ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့ပါတယ်။

ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုသမိုင်းတွေမှာ ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်လည်း ဖြစ်သလို ပြည်သူ့ပါတီက သင်္ဃန်းကျွန်းမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို လူမှုကွန်ရက်ကတဆင့် မဲဆွယ်စည်းရုံးရေးမှာ နွေဦးတော်လှန်ရေး အသုံးအနှုန်းတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇန်နဝါရီ ၈ ရက်မှာ အလုပ်နဲ့ထောင်ဒဏ်တနှစ် ချမှတ်ခဲ့ပါတယ်။

ပြည်သူ့ပါတီ ဥပဒေရေးရာအဖွဲ့ဝင်တယောက်က “ဆရာဦးလွင်မြင့်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ) နဲ့ တရားစွဲဆိုခံရပြီးတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တနှစ် အမိန့်ချလိုက်တာပေါ့။ ၅၈(ဂ) ပုဒ်မပြဋ္ဌာန်းချက်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာ နည်းဥပဒေပါ ပြဋ္ဌာန်းချက် မှား ဖောက်ဖျက်မှုပေါ့” လို့ ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ) ဟာ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြ မဲပေးဖို့ ဒါမှမဟုတ် မပေးဖို့ ဟောပြောလှုံ့ဆော်ရင် ဥပဒေအရ ထောင်ဒဏ်တနှစ် ကျခံရမဲ့အပြင် တရားမဲ့ ပြုကျင့်မှု မြောက်တဲ့အတွက် ရွေးကောက်ပွဲ အနိုင်ရပါကလည်း ကန့်ကွက်သူရှိရင် ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီ ကိုယ်စားပြုပြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးလွင်မြင့်ကို တော်လှန်ရေးစကားလုံး သုံးစွဲခဲ့တာကြောင့် သင်္ဃန်းကျွန်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက တရားလိုပြုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပြီး ၃ ရက်အတွင်း စစ်ဆေးအပြီးမှာ လျှောက်လဲချက်တင်ခွင့်မပေးဘဲ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဦးလွင်မြင့်ရဲ့ သမီးဖြစ်သူ မသူဇာက “မနေ့က တရားသူကြီးက ရှေ့နေလျှောက်လဲချက် မတင်ရသေးဘူးပေါ့နော်။ လျှောက်လဲချက် တင်လည်းရတယ်၊ မတင်လည်းရတယ်လို့ ပြောတယ်၊ တရားသူကြီးကနေ။ ပြီးတော့ မနေ့က တရားသူကြီးကတော့ အဖေကို မှာလိုက်တယ်ပေါ့၊ ရှေ့နေတောင် မလိုဘူးပေါ့။ ကျမတို့က ရှေ့နေငှားထားတာဆိုတော့ ရှေ့နေမလိုဘဲနဲ့ ဒီ ၈ ရက်နေ့ကိုပေါ့နော်၊ အမိန့်ချမယ်လို့ပဲ သိထားတာ။ အမိန့်ချမယ်ဆိုတော့ ပြစ်ဒဏ်က ငွေဒဏ်လည်း ရှိတယ်၊ ထောင်ဒဏ်တနှစ်လည်းရှိတယ်ဆိုတော့ ကျမတို့က ငွေဒဏ်လို့ပဲ ထင်တာပေါ့နော်။ နောက်မှ ဒါက ထောင်ဒဏ်တနှစ်ဆိုပြီး ဖြစ်သွားတယ်ပေါ့နော်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ် ပါဝင်ခဲ့ပြီး အဲဒီမြို့နယ်က ဝင်ရောက်အရွေးခံခဲ့တဲ့ ဦးလွင်မြင့်ဟာ ကြံ့ခိုင်ရေးပါတီက အမျိုးသမီး ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဦးလွင်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်ဩဇာခံတွေ ဦးဆောင်တဲ့ အခု ရွေးကောက်ပွဲမှာ ပထမဆုံး ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလည်း ဖြစ်ပါတယ်။

“ကျနော်တို့ အမြင်ဆိုရင်တော့ နည်းနည်းပေါ့၊ နိုင်ငံရေးအရွေ့သွားနေတဲ့အပေါ်မှာ ကျနော်တို့ ဒီလိုမျိုးပေါ့၊ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့အချိန်မှာ ဒီလောက်ကြီးလုပ်လိုက်တာကျတော့ နည်းနည်းတော့ ပြင်းထန်တယ်လို့ ထင်တယ်ဗျ။”

စစ်ကောင်စီက ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ အဲဒီဥပဒေနဲ့ အရေးယူခံထားရသူပေါင်း ၃၃၅ ယောက်ရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူကတော့ ၁၀ ယောက်ကျော် ရှိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီဥပဒေအရ ရွေးကောက်ပွဲကို နှောင့်ယှက်တာ၊ ပျက်အောင် ဖျက်ဆီးတာ၊ လူသေဆုံးအောင် လုပ်ဆောင်တာ စတဲ့ ပြစ်မှုတခုခုကို ကျူးလွန်ခဲ့ရင်  ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ အများဆုံး တသက် ချမှတ်နိုင်သလို သေဒဏ်ထိလည်း ချမှတ်နိုင်တယ်လို့ စစ်ကောင်စီက  ပြဋ္ဌာန်းထားပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013