DVB Logo
Home
နိုင်ငံတကာ
နိုင်ငံတကာဥပဒေ မလိုအပ်ဟု ထရမ့်ပ်ပြော၊ ထရမ့်ပ်ကြောင့် ကမ္ဘာကြီး “ဓားပြစခန်း” ဖြစ်နိုင်ဟု ဂျာမနီ သတိပေး
DVB
·
January 9, 2026
နိုင်ငံတကာဥပဒေ မလိုအပ်ဟု ထရမ့်ပ်ပြော၊ ထရမ့်ပ်ကြောင့် ကမ္ဘာကြီး “ဓားပြစခန်း” ဖြစ်နိုင်ဟု ဂျာမနီ သတိပေး
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အတွက် နိုင်ငံတကာဥပဒေ မလိုပါဘူးလို့ ပြောကြားလိုက်ပြီး သမ္မတအာဏာကို သူ့ရဲ့ကိုယ်ကျင့်တရား၊ သူ့စိတ်ထားနဲ့ပဲ ကန့်သတ်ထားတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

ထရမ့်ပ်က “ကျုပ်ကို ရပ်တန့်နိုင်တာက ဒီတခုပါပဲ။ ကျုပ်က လူတွေကို ထိခိုက်အောင် လုပ်ချင်တာ မဟုတ်ပါဘူး” လို့လည်း ပြောပါတယ်။

အမေရိကန်အစိုးရက နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာသလားဆိုတဲ့ မေးခွန်းကိုတော့ လိုက်နာတယ်လို့ ဝန်ခံခဲ့ပေမဲ့ “နိုင်ငံတကာဥပဒေကို ခင်ဗျား ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ ဆိုတာနဲ့ ဆိုင်တာပေါ့” လို့ ဖြည့်စွက် ပြောခဲ့ပါတယ်။

ဂရင်းလန်းကျွန်းကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စာချုပ်စာတမ်း လက်မှတ်ထိုးတာထက် လက်ဝယ်ပိုင်ဆိုင်မှုရှိဖို့ လိုအပ်တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဖြုတ်ချတာဟာ တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ လမ်းစဖွင့်ပေးသလို ဖြစ်မလာဘူးလားဆိုတဲ့ စိုးရိမ်မှုတွေကိုတော့ ထရမ့်ပ်က ပယ်ချခဲ့ပါတယ်။

ဗင်နီဇွဲလားက လူဆိုးဂိုဏ်းဝင်တွေ အမေရိကန်ထဲ ဝင်ရောက်လာတာကြောင့် အခုလို တုံ့ပြန်ရတာဖြစ်ပြီး ထိုင်ဝမ်ကနေ တရုတ်နိုင်ငံထဲကို ရာဇဝတ်သားတွေ ဝင်ရောက်နေတာမျိုး မရှိဘူးလို့ သူက နှိုင်းယှဉ်ပြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် အနေနဲ့ သူသမ္မတဖြစ်နေစဉ် ကာလအတွင်းမှာတော့ ထိုင်ဝမ်ကို ထိန်းချုပ်ဖို့ကြိုးစားမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ထရမ့်ပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ လက်နက်ထိန်းချုပ်ရေးစာချုပ် သက်တမ်းကုန်ဆုံးတော့မဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း “သက်တမ်းကုန်ရင် ကုန်ပါစေတော့” လို့ ပြောခဲ့သလို နောက်ထပ်လုပ်မဲ့ သဘောတူညီချက်တွေမှာ တရုတ်ပါ ပါဝင်လာဖို့ လိုလားကြောင်း ပြောကြားခဲ့ပါတယ်။

ဂျာမနီသမ္မတ ဖရန့်ခ်ဝေါ်လ်တာရှတိုင်မိုင်ယာကတော့ ဒေါ်နယ်ထရမ့်ပ်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကြောင့် ကမ္ဘာကြီးဟာ “ဓားပြစခန်း” အဖြစ် ရောက်သွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဖယ်ရှားလိုက်တာ အပါအဝင် အမေရိကန်ရဲ့ လက်ရှိလုပ်ရပ်တွေကို နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ရှတိုင်မိုင်ယာက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာပါ။

ဂျာမနီမှာ သမ္မတဟာ ဂုဏ်ပြုခံရာထူးပဲ ဖြစ်ပေမဲ့ ဩဇာရှိပြီး နိုင်ငံရေးသမားတွေထက် အမြင်ကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်သူ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တာဟာ သမိုင်းရဲ့ အချိုးအကွေ့တခုဖြစ်ခဲ့ရင် အမေရိကန်ရဲ့ အခုလုပ်ရပ်ကတော့ ဒုတိယမြောက် သမိုင်းအက်ကြောင်း ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

ဇန်နဝါရီ ၇ ရက်က ပြုလုပ်တဲ့ စာတမ်းဖတ်ပွဲတခုမှာ “အရေးကြီးဆုံးမိတ်ဖက်ဖြစ်တဲ့ အမေရိကန်က ကမ္ဘာ့အာဏာအစီအစဉ် တည်ဆောက်ရေးမှာ ထားရှိတဲ့ တန်ဖိုးတွေကို ဖြိုခွဲလိုက်ပြီ” လို့ ဂျာမနီသမ္မတက ပြောပါတယ်။

ဒါ့အပြင် “ကောက်ကျစ်စဉ်းလဲသူတွေက လိုချင်တာယူကြပြီး ဒေသတွေ၊ နိုင်ငံတွေကို မဟာအင်အားကြီးတွေရဲ့ ပိုင်ဆိုင်မှုလို သဘောထားတဲ့ ဓားပြစခန်းမျိုး အဖြစ်မခံသင့်ဘူး” လို့လည်း သူက တိုက်တွန်းပါတယ်။

ဒီအခြေအနေတွေကြားမှာပဲ ဂျာမနီပြည်သူ ၇၆ ရာခိုင်နှုန်းက အမေရိကန်ဟာ အားကိုးရတဲ့မိတ်ဖက် မဟုတ်တော့ဘူးလို့ ဖြေဆိုထားတဲ့ စစ်တမ်းတခု ဇန်နဝါရီ ၈ ရက်မှာ ထွက်ပေါ်လာပါတယ်။

အမေရိကန်ကို ယုံကြည်နိုင်တယ်လို့ ဖြေဆိုသူ ၁၅ ရာခိုင်နှုန်းသာရှိပြီး ဒါဟာ စစ်တမ်းကောက်ယူဖူးသမျှမှာ အနိမ့်ဆုံးပမာဏ ဖြစ်တယ်လို့ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013