
မကွေးတိုင်း၊ မြိုင်မြို့ထွေအုပ်ရုံးမှာ တာဝန်ကျနေတဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ရဲ ဘော်တယောက် လက်နက်နဲ့အတူ ကျားသစ်နက်တပ်မတော်ဆီ အလင်းဝင်ရောက်လာတယ်လို့ ကျားသစ်နက်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အလင်းဝင်ရောက်လာတဲ့ ရဲဘော်ဟာ စစ်မှုထမ်းဖို့ စစ်တပ်ရဲ့ မတရားဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
အလင်းဝင်ရောက်လာသူ ကိုညီညီဖြိုးက “ကျနော်အမည်က ညီညီဖြိုးပါဗျ။ ကိုယ်ပိုင်အမှတ် ပစ- ၁၂၇၈၆၉ ပါဗျ။ ကျနော်ဇာတိက ဘုတလင်မြို့နယ်ကပါ။ ဟုမ္မလင်းမှာ ရွှေမျှော လုပ်ကိုင်နေစဉ်အတွင်း စကစရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ကလေးမြို့ လေ့ကျင့်ရေးကျောင်းမှာ သင်တန်းတက်ရောက်ခဲ့ပါတယ်ဗျ။။ ထိုမှတဆင့် တံတားဦးကို စစ်ရဟတ်ယာဉ် နဲ့ ပို့ဆောင်ခံခဲ့ရပြီး တံတားဦးမှ စစ်ယာဉ်တန်းနဲ့ ပခုက္ကူ၊ ပခုက္ကူမှ မြိုင်မြို့သို့ ရိက္ခာကားတန်းနဲ့ လိုက်ပါခဲ့ရပြီး အခုလို ထွက်ပြေး လွှတ်မြောက်ခဲ့ရပါတယ်” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာစဉ် ၅.၅၆ ကျည်တောင့် ၁၃၀၊ ဗုံးသီးတလုံး၊ နင်းမိုင်းတခု၊ MA1 ၃ ဘောက်တို့ ပါလာခဲ့တယ်လို့ သိရပါတယ်။
ကျားသစ်နက်တပ်မတော် တာဝန်ရှိသူ ကိုဥက္ကာက “ကျနော်တို့ အလင်းဝင်လာခဲ့တဲ့ မောင်ညီညီဖြိုးကို စစ်ဆေးတဲ့အခါ ၁၈.၁၀.၂၀၂၄ ရက်နေ့မှာ စက ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်တယ်လို့သိရပါတယ်။ မတရားစစ်မှူထမ်းရန် အခိုင်းစေခံရသူ ဖြစ်တယ်လို့ ပြောရမယ်ဗျ။ ကျ နော်တို့အနေနဲ့ အလင်းဝင်ဘက်ပြောင်းလာတဲ့ မောင်ညီညီဖြိုး ကိုယ်ပိုင်အမှတ် ပစ- ၁၂၇၈၆၉ကို နိုင်ငံတကာလူ့အခွင့်အရေးနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ဆုကြေးငွေအဖြစ် ကျပ်သိန်း (၂,၀၀၀,၀၀၀) တိတိပေးအပ်ပြီး မိသားစုနဲ့ပြန်လည်တွေ့နိုင်ဖို့ ဆက်လက်အကူညီတွေ ပေးအပ်သွားပါမယ်” လို့ DVB ကို ပြောပါတယ်။
မတရားဖမ်းဆီးခံရကာ စစ်မှူထမ်းနေကြရတဲ့လူငယ်များ အနေဖြင့်လည်း ဘက်ပြောင်းခိုလုံလိုပါက ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ပေးသွားမည်ဖြစ်တယ်လို့လည်း ကိုဥက္ကာက ထပ်မံ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ မုံရွာမြို့အပါအဝင် စစ်တပ်စိုးမိုးနယ်မြေအတွင်းနေထိုင်တဲ့ လူငယ်တွေကို စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ဖမ်းဆီးကာ တိုက်ပွဲအတွင်း ပို့ဆောင်နေတာပါ။










