DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းအချို့ကို  တော်လှန်ရေးတပ်များ တိုက်ခိုက် 
DVB
·
January 8, 2026
ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းအချို့ကို  တော်လှန်ရေးတပ်များ တိုက်ခိုက် 
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်-ပြည်လမ်းပေါ်မှာရှိတဲ့ မြို့ ၄ မြို့အခြေစိုက် စစ်ကောင်စီ တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၇ ရက် မနက်အစောပိုင်း  ၄ နာရီလောက်မှာ တပြိုင်နက်ဝင်တိုက်ခိုက်လို့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပြီး နှစ်ဖက် ထိခိုက် သေဆုံးမှုတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

သာယာဝတီခရိုင်အတွင်းက လက်ပံတန်း၊ ကြို့ပင်ကောက်နဲ့ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်း၊ စစ်ကွင်းမြို့တွေနားမှာ ရှိကြတဲ့ စစ်တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေတိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်လည်း လေကြောင်းပစ်ကူနဲ့ ပြန်တိုက်ခိုက်ခဲ့တယ်လို့ DVB ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

“သူတို့လေကြောင်းပစ်ကူကြောင့်မို့လို့ ကျနော်တို့ဘက်က ရဲဘော်တယောက်ကျထားတယ်။ တချို့နေရာတွေကတော့ ကျနော်တို့ဘက်က တော်တော်လေးအသားစီးရထားပါတယ်။ ထိတွေ့မှုက ၄ နာရီလောက်ကြာတယ်။ တိုက်ပွဲတွေမပြီးသေးလို့ အဲ့လောက်ပဲ ပြောလို့ ရပါဦးမယ်။”

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးနိုင်သလို တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က ရဲဘော်တယောက်ကျဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ဆိုပေမဲ့ ထိခိုက်ကျဆုံး အရေအတွက် အတိအကျကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို နှစ်ဖက်စလုံးကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ပွဲတွေကြောင့် ရန်ကုန်-ပြည်ကားလမ်းမမှာ ကားတွေနာရီနဲ့ချီပိတ်မိခဲ့ပြီး ဇန်နဝါရီ ၇ ရက်ညနေပိုင်းမှာတော့ ပုံမှန်အတိုင်းသွားလာလို့ရနေပြီလို့ ရဲဘော်တယောက်က ပြောပါတယ်။

“မနေ့က ညနေပိုင်းမှာ အကုန်လုံးသွားလို့လာလို့ရသွားပြီ။ မနေ့ကအခြေအနေကတော့ ဟိုဘက်ဒီဘက် အကုန်လုံးပိတ်ထားတာ။ ရန်ကုန်-ပြည်လမ်းက တာကလေးလမ်းဆုံမှာပေါ့ ရန်ကုန်-ပြည်လမ်းလမ်းဆုံမှာရှိတဲ့ စစ်ကောင်စီစခန်းကို မနေ့ကတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီးသွား ရောက်တိုက်ခိုက်တာဖြစ်တယ်။ တိုက်ခိုက်ချိန် ၃ နာရီနဲ့ ၄ နာရီလောက်ကြာတယ် နှစ်ဖက်ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြတယ်။”

တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ မင်းလှမြို့နယ်ဟာ လာမဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ စစ်တပ်ကလုပ်မဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာပါဝင်တဲ့ မြို့နယ်ဖြစ်ပြီး ကြို့ပင်ကောက်မြို့နယ်ဟာ အပိုင်း ၃ မှာ ပါပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မရှိစေဖို့ တိုက်ပွဲတွေနီးကပ်တဲ့ နေရာတွေမှာ နေထိုင်တာတွေ မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထား ပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013