DVB Logo
Home
မြန်မာသတင်း
မိုးမိတ်တိုက်ပွဲတွင် KIA က စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်
စိုးသူအောင်
·
September 29, 2026
Photo: KIA
Photo: KIA
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ 

မိုးမိတ်မြို့နယ်ထဲမှာ  စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းကစလို့ အာဏာရှင်စစ်တပ်နဲ့ KIA တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့လယ်ပိုင်းမှာတင် စစ်တပ်ရဲ့ စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ဘက်က အတည်ပြုပါတယ်။ 

မြေပြင်ဆက်သွယ်ရေး အခက်အခဲတွေကြောင့် အသေးစိတ်ကို အတည်မပြုနိုင်သေးပေမဲ့ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“မနေ့က မနက်ပိုင်းကနေ တိုက်ပွဲဖြစ်တယ်။ နေ့လယ်လောက်မှာ ဆိုလို့ရှိရင်တော့ စခန်းကုန်းတခု သိမ်းနိုင်တယ်။ ဒါပေမဲ့ အဲဒီဟာကတော့ ကျနော်တို့ တပ်မဟာ ၄ နယ်မြေ ဖြစ်နေတယ်။ ရှမ်းမြောက်နဲ့ ကျနော်တို့ ကချင်ပြည်နယ်အစပ်ဘက်နော်။ အဲဒါကြောင့် ကျနော်တို့ အသေးစိတ် သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံကတော့ မရသေးပါဘူး။ အဲဒီလောက် စခန်းသိမ်းနိုင်တယ်လောက်ပဲ ကြားပါတယ်။  နောက်တခု ဆက်ပြီးတော့လည်း သူတို့ တိုက်ပွဲဝင်နေတယ်လို့ သတင်းပေးတဲ့နေရာမှာ အဲဒါ ပါပါတယ်။”

KIA ဘက်က သိမ်းပိုက်လိုက်တဲ့ စခန်းကုန်းဟာ မြို့ကိုအပေါ်စီးက မြင်နိုင်တဲ့ ရွှေမြင်တင်ဘုရားကုန်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စခန်းကျသွားတဲ့အတွက် အာဏာရှင်စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာလည်း ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲသလို ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ 

ဒါ့အပြင် စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်နေပါတယ်။ မြေပြင်မှာလည်း သေနတ်သံတွေ ကြားနေရပြီး ညောင်နီရွာနဲ့ ရွှေမြင်တင်တဝိုက်က ဒေသခံတွေ အရေးပေါ် တိမ်းရှောင်နေရတယ်လို့ မိုးမိတ်မြို့ခံက ပြောပါတယ်။ 

“အခုထိကတော့ ဖြစ်နေတုန်းပဲ။ ဆက်တိုက်ဖြစ်နေကြတာ။ အသေးသံတွေပါ ကြားရတယ်။ လှမ်းတောင် မြင်ရတယ်။ ရွှေမြင်တင်ဘုရားနဲ့ ညောင်နီရွာရယ်၊ ရှုမျှော်သာရယ် အဲဒီကြားထဲမှာ ဖြစ်နေတာ။ ရွှေမြင်တင်ကုန်းက တောဘက်က သိမ်းလိုက်တယ် ပြောတယ်။ သိမ်းလိုက်လို့ လေယာဉ်နဲ့ လာချတာလေ။ အဲဒီနေ့က တနေ့လုံးပဲ အခေါက်ရေတော့ မမှတ်မိဘူး။ ဒီနေ့က မနက်အစောကြီး တခါ ကြဲတယ်။ ခဏနေက တခါ လာကြဲတယ်။ ၃ ခါရှိပြီ၊ အဲဒီ ရွှေမြင်တင်တဝိုက်က ရွာတွေ အကုန် ရှောင်ရတယ်။ ညောင်နီလည်း ပါတယ်။"

လက်ရှိမှာတော့ တိုက်ပွဲတွေဟာ မြို့ပြင်ပတ်ဝန်းကျင် ရွာတွေဘက်မှာသာ ဖြစ်ပွားနေပြီး မိုးမိတ်မြို့ပေါ်မှာတော့ ဈေးဆိုင်တချို့ ပိတ်ထားတာကလွဲလို့ အခြေအနေတွေ တည်ငြိမ်နေသေးတယ်လို့ သိရပါတယ်။ 

ဒါပေမဲ့ မြို့ပတ်ဝန်းကျင်တဝိုက်မှာတော့ စစ်အာဏာရှင်တပ်က တပ်စွဲတာရှိသလို လက်နက်ကြီးတွေလည်း ဆင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်အာဏာရှင်တပ်ဟာ မိုးမိတ်၊ ရွှေလီမြစ်ဆုံကတဆင့် စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်နိုင်တဲ့ မဘိမ်းမြို့အထိ ထိုးဖောက်နိုင်ဖို့ ကြိုးစားလာတာကြောင့် အခုလို တိုက်ပွဲတွေ ဖြစ်လာရတာလို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013