DVB Logo
Home
မြန်မာသတင်း
စစ်တွေ ကျားမသောက် ကျေးရွာအနီးက စစ်တပ်စခန်း ၂ ခုကို AA သိမ်းပိုက်
DVB
·
October 18, 2026
Photo: AA (ယခင်ပုံဟောင်း)
Photo: AA (ယခင်ပုံဟောင်း)
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ-စစ်တွေ)နားမှာရှိတဲ့ ကျားမသောက်ရွာနားက စစ်အာဏာရှင်တပ်နဲ့ တပ်စခန်း ၂ ကို  အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျားမသောက်ရွာနားက တပ်စခန်း ၂ ခုကို အောက်တိုဘာ ၁၆ ရက်မှာ AA က သိမ်းပိုက်ရရှိထားပြီး ဒကစ-စစ်တွေ ဌာနချုပ်နဲ့ ၄ မိုင်လောက်ကွာဝေးတဲ့ ကျားမသောက်၊ ချီလိုင်ဖင်းနဲ့ ငတောက်တက်၊ တောကန် စတဲ့ကျေးရွာတွေနားမှာ အောက်တိုဘာ ၁၈ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“လက်ရှိ စစ်တွေတိုက်ပွဲက ကျားမသောက်နဲ့ ငတောက်တက်၊ တောကန်အနီးမှာ နေ့တိုင်းဖြစ်နေကြတာရှိတယ်။ ဒီနေ့ မနက် ၁၁ နာရီအထိလည်း ထိတွေ့တိုက်ပွဲတွေရှိနေသလို စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ကူပေး တိုက်ခိုက်နေတာတွေရှိတယ်။ ကျားမသောက်-တောကန်နဲ့ ငတောက်တက် အစပ်က စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းအထိုင်စခန်းနှစ်ခု သိမ်းပိုက်ရရှိထားတာတွေလည်းရှိတယ်။ အခု စစ်ဖြစ်တဲ့နေရာက ဒကစနဲ့ ဆို ၃ မိုင်ကျော် ၄ မိုင်ဝန်းကျင်ပဲ ရှိတော့တယ်။”

AA ဟာ ကျားမသောက်ကျေးရွာ အခြေစိုက် အမှတ်(၉၀၈) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်အစပ်က အမြင့်ကျွန်းကျေးရွာ အနီးမှာလည်း တိုက်ပွဲတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ အောက်တိုဘာ ၇ ရက်ကစပြီး ပေါက်တောမြို့နယ်၊ ငပြီကျွန်းကို ကမ်းတက်တိုက်နေတုန်း AA က ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ စစ်တွေ ဒကစ-ဌာနချုပ်ကို ဦးတည်တဲ့ တန်ပြန်ထိုးစစ်ကို ဆင်နွှဲနေတာပါ။

လက်ရှိမှာ စစ်အာဏာရှင်တပ်ဟာ ငပြီကျွန်းကို ထပ်မံအင်အားဖြည့်တင်းနိုင်တာမျိုးမရှိသလို လက်ရှိ ငပြီကျွန်းပေါ်ရောက်နေတဲ့ စစ်အာဏာရှင်တပ်သားတွေကိုလည်း AA က လိုက်လံ ရှင်းလင်းနေတယ်လို့လည်း နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ငပြီကျွန်းကို ကမ်းတက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားညှပ်ပြီး တိုက်နေတာရှိတယ်။ သူတို့ အင်အားလည်း ထပ်ပြီးဖြည့်တင်းနိုင်တာမျိုးမရှိတော့ဘူး။ လက်ရှိ ကျွန်းပေါ်က စစ်သားတွေလည်း အနှေးနဲ့အမြန် သုတ်သင်ခံရမဲ့ အနေအထားမှာရှိတယ်။”

စစ်အာဏာရှင်တပ်ဟာ ငပြီကျွန်းကို အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေကို အသေခံကမ်းတက်ခိုင်းခဲ့လို့ အောက်တိုဘာ ၁၀ ရက်က ငပြီကျွန်း အလယ်ရွာကို ကမ်းတက်နိုင်ခဲ့ပြီး အဲဒီ ကမ်းတက်တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဖွဲ့ဝင် သေဆုံးသူ အယောက် ၅၀ ထက်မနည်း ရှိသလို AA ဘက်ကလည်း ထိခိုက်မှုတချို့ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အာဏာရှင်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ခေါ်တဲ့ ရန်နိုင်အောင် စစ်ဆင်ရေးနဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကြောင်းထိုးခဲ့ပေမဲ့ စစ်ဦးကျိုးပြန်ဆုတ်ခဲ့ရသလို AA တန်ပြန်ထိုးစစ်တွေကြောင့်လည်း  စစ်တွေမြို့နယ်က တပ်စခန်းတွေပါ လက်လွတ်လာနေရပါတယ်။

လက်ရှိမှာ စစ်တွေ၊ ပေါက်တော တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တပ်ကရော AA ကပါ သတင်းထုတ်ပြန်တာမရှိပေမဲ့ တိုက်ပွဲတွေကတော့ နေ့တိုင်းပြင်းထန်နေတယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ကိုပဲ ထိန်းချုပ်ထားနိုင်တော့ပြီး စစ်တွေနဲ့ ကျောက်ဖြူမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013