
မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်ကျေးရွာရှိ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီးနောက် စစ်ကူလာတဲ့ စစ်ကောင်စီယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။
အင်အား ၃၅ ယောက်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ပိတ်ဆို့တိုက်ခိုက်တာဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နေ့မှာ စစ်ကူလာတဲ့ သရက် ကပစ ၁၂ က အင်အား ၁၀၀ ဝန်းကျင်ပါ ကား ၃ စီးနဲ့လာချိန် မင်းတုန်းမြို့နယ်၊ ပုဇင်းဒါးကျေးရွာအနီး အရောက်မှာ မိုင်းဆွဲတိုက်ခိုက်လို့ ကား ၂ စီး ပျက်စီးတာလို့ ဆိုပါတယ်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “ရန်သူ့ကား ၂ စီး ပျက်စီးတယ်။ သူတို့ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်။ သရက်ဆေးရုံမှာ ကုသနေရတာတွေ ရှိတယ်။ ဦးရေအတိအကျတော့ အတည်မပြုနိုင်သေးဘူး။ နှစ်စီးပျက်စီးတာမှာ တစီးကိုတော့ ပြန်ဆွဲသွားတယ်။ တစီးကိုတော့ ကျနော်တို့ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ အောင်လံဘက်ကနေ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကူပို့တာရှိသလို သရက်-မင်းတုန်းလမ်းပိုင်းမှာလည်း ဖြန့်ကြက်နေရာယူတာတွေ၊ ဆင်ကော်ရဲစခန်းနဲ့ ပတ်ဝန်းကျင်မှာလည်း အင်အား ၁၂၀ ဝန်းကျင်နဲ့ တပ်စွဲနေတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “မင်းတုန်းမြို့နယ်၊ ကံမမြို့နယ်တွေမှာ သူတို့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာတွေ ရှိတယ်။ အဲဒီအတွက်ကို သူတို့ဘက်က လုံခြုံရေးတိုးမြှင့်ပြီးတော့ နယ်မြေထိန်းချုပ်တဲ့ အနေအထားတွေ ရှိတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေတယ်လို့ ပြောလို့ရပါတယ်။ လေကြောင်းကနေ ဗုံးကြဲတာတော့ မရှိဘူး။ တိုက်ပွဲဖြစ်နေချိန်မှာတော့ ကပစ ၁၂ ကနေ ဒရုန်းတွေနဲ့ ဒရော့ဗုံးချတာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေ ရှိပါတယ်။ အဲဒါကြောင့် ဆင်ကော်ရွာက ဒေသခံနေအိမ်တွေ ပျက်စီးတာတွေ၊ ဒေသခံတွေ ရှောင်ရှားရတာတွေ ရှိပါတယ်။ စစ်ကူလာတဲ့ စစ်ကြောင်းက အောက်မမြင့်ကျေးရွာ ဒေသခံတွေကို လူသားဒိုင်းလုပ်တာတွေ၊ နေအိမ်တွေကို ဖောက်ထွင်းပြီး အဖိုးတန်ရွှေငွေတွေ ယူတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ကလည်း ကပစ ၁၂ ကနေ ဆင်ကော်ရွာကို စစ်ကူလာတဲ့ ဗျူဟာမှူးဦးဆောင် စစ်ကြောင်းက လမ်းမှာတွေ့တဲ့ ဒေသခံ ၄ ယောက်ကို ဖမ်းဆီးပြီး နောက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်ထိ သရက်၊ ကံမ၊ မင်းတုန်းမြို့နယ်တွေအတွင်း အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေပြီး စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ပြည်သူတွေ သတိပြုသွားလာနေထိုင်ကြဖို့လည်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းက အသိပေး ထုတ်ပြန်ထားသည်။










