DVB Logo
Home
မြန်မာသတင်း
စစ်တပ် ရွေးကောက်ပွဲကို ချင်းပြည်နယ်က ပြည်သူ ၈၀ ရာခိုင်နှုန်းကျော် မဲမပေး 
DVB
·
January 7, 2026
စစ်တပ် ရွေးကောက်ပွဲကို ချင်းပြည်နယ်က ပြည်သူ ၈၀ ရာခိုင်နှုန်းကျော် မဲမပေး 
Donate to DVB

ချင်းပြည်နယ် ၉ မြို့နယ်ရှိတဲ့အထဲမှာ အာဏာသိမ်းစစ်တပ်က မြို့နယ် ၂ ခုမှာပဲ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့သလို မဲပေးခွင့်ရှိတဲ့သူ ဦးရေရဲ့ ၁၇ ရာခိုင်နှုန်းပဲ မဲပေးနိုင်ခဲ့ပြီး ၈၀ ရာခိုင်နှုန်းကျော်က မဲမပေးခဲ့ကြတဲ့အတွက် အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ ပြောလို့မရဘူးလို့ ချင်းနိုင်ငံရေး အသိုက်အဝန်းက ထောက်ပြပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ၉ ခုရှိပြီး အဲဒီအထဲက ဟားခါး၊ တီးတိန်နဲ့ ထန်တလန် မြို့ပေါ်ကွက်ကွက်လေးပဲ စစ်တပ်က ထိန်းချုပ်နိုင်တော့တာပါ။

အဲဒီထဲကမှ ဟားခါးနဲ့ တီးတိန် မြို့နယ် ၂ ခုမှာပဲ စစ်တပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ ပထမပိုင်း လုပ်ခဲ့ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ ၂ မြို့ပေါင်း မဲပေးပိုင်ခွင့်ရှိသူ ၃၉,၉၁၇ ယောက်‌ရှိတဲ့ထဲက လူဦးရေ ၆,၈၀၆ ယောက်ပဲ မဲပေးခဲ့တဲ့အတွက် မဲပေးသူဦးရေ ၁၇ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ပါတယ်။

ဟားခါးမြို့ပေါ်ရပ်ကွက် ၈ ခုမှာ မဲရုံ ၁၂ ရုံ၊ တီးတိန် မြို့ပေါ်ရပ်ကွက် ၄ ခုမှာ မဲရုံ ၅ ရုံနဲ့ ခိုင်ကမ်းမြို့မှာ မဲရုံတရုံ စုစုပေါင်း မဲရုံပေါင်း ၁၈ ရုံမှာ ပြည်သူ ၆,၈၀၆ ယောက်သာ မဲပေးခဲ့တာဖြစ်ပါတယ်။

မဲပေးခဲ့ရသူတွေဟာလည်း သာမန်အရပ်သားတွေမဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ သူတို့နဲ့ နီးစပ်သူတွေသာဖြစ်တယ်လို့ ချင်းအရပ်ဘက်အဖွဲ့တခုဖြစ်တဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တာဝန်ရှိသူက ပြောပါတယ်။

“ရာခိုင်နှုန်းအနေနဲ့တွက်မယ်ဆိုရင် ၁၅ ရာခိုင်နှုန်းက မဲပေးပြီး ၈၅ ရာခိုင်နှုန်းက မဲမပေးဘူးဆိုတာ တွေ့ရတယ်။ ပြည်သူတွေထက်စာရင် စကမအတွက်လုပ်နေတဲ့ ဝန်ထမ်းတွေပဲ အဓိကမဲပေးတာလို့ သုံးသပ်ရမှာပေါ့နော်။ အပြင်ကနေ မဲပေးတဲ့သူတွေကကျတော့ မဖြစ်မနေ ပေးရမဲ့သူတွေရယ် စကမဘက်ပါတဲ့သူတွေရယ်လောက်ပဲ ပေးတယ်ဆိုတာကို တွေ့ရတယ်။”

စစ်တပ်က ချင်းပြည်နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ ရာခိုင်နှုန်းကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုဆန္ဒ မပါတဲ့အတွက် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်ပြီးသား အနေအထားကို ကြည့်လိုက်ရင် ပြည်သူလူထုမဲပေးမှုက လုံးဝမရှိဘူးလို့ ပြောလို့ရတယ်။ ဟားခါးမြို့ပေါ်မှာ မဲပေးခွင့်ရှိသူ ၂၀,၀၀၀ ရှိတဲ့အနက် ၂,၈၀၀ လောက်သာ မဲပေးတာကို ကြည့်လိုက်ရင်တော့ ပြည်သူလူထုက လုံးဝမဲမပေးဘူးဆိုတာ အသေအချာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေ့ဆက်လုပ်ဖို့ကတော့ ပြည်သူလူထုထောက်ခံမှု မရှိဘူးဆိုတာ သေချာတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး တားဆီးသွားမှာပဲ။ အဲဒါကြောင့် ရှေ့ဆက်လုပ်လာဖို့က‌တော့ လုံးဝဖြစ်လာမှာ မဟုတ်ဘူး။”

အရင်က စစ်ကောင်စီဟာ ချင်းပြည်ရွေးကောက်ပွဲမှာ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ဖလမ်း၊ တွန်းဇံမြို့တို့မှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားပေမဲ့ ထန်တလန်၊ တွန်းဇံ၊ ဖလမ်းတို့မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်ဘူးလို့ ဒီဇင်ဘာ ၂၇ မှာ ထပ်မံကြေညာခဲ့ပါတယ်။

ချင်းပြည်နယ်ရှိ မြို့ ၂ မြို့ပေါ် ကွက်ကွက်လေးမှာပဲ စစ်တပ်က ရွေးကောက်ပွဲ လုပ်နိုင်ခဲ့ပေမဲ့ စစ်တပ်ကျင့်သုံးတဲ့ PR စနစ်ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ ယောက်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ယောက်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ယောက် စုစုပေါင်း ၂၁ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။

အဲဒီကိုယ်စားလှယ်တွေထဲမှာ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာနဲ့ ပြည်နယ်လွှတ်တော် ၆ နေရာ နိုင်ခဲ့ပြီး ဇိုမီးအမျိုးသားပါတီက ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၄ နေရာမှာ အနိုင်ရခဲ့ပါတယ်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီကတော့ ပြည်နယ်လွှတ်တော် ၁ နေရာ အနိုင်ရခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013