DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တိုးလုပ်၊ စစ်ကိုင်းတိုင်း၌ နေ့စဉ် ပြည်သူ ၅ ဦးခန့် သေဆုံးနေ
DVB
·
January 7, 2026
စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တိုးလုပ်၊ စစ်ကိုင်းတိုင်း၌ နေ့စဉ် ပြည်သူ ၅ ဦးခန့် သေဆုံးနေ
Donate to DVB

နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ဆတိုးလာသလို ညပိုင်းဗုံးကြဲမှုတွေ ပိုများလာတာကြောင့် စစ်ကိုင်းတိုင်းမှာ တရက်ကို ပြည်သူ ၅ ယောက်လောက် နေ့စဉ် သေဆုံးနေရတယ်လို့ မြေပြင်အဖွဲ့တွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းထဲ တနိုင်ငံလုံးအနှံ့ လေကြောင်း တိုက်ခိုက်မှုတွေကို ၂ ဆတိုး ပြုလုပ်နေတယ်လို့ လေ့လာသူတွေနဲ့ မြေပြင်တော်လှန်ရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်တမ်းတွေအရ ဒီဇင်ဘာ တလတည်းမှာတင် သေဆုံးသူ ၂၀၀ နီးပါး ရှိစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ၁၁၉ ကြိမ် ရှိခဲ့ပြီး တိုက်ခိုက်မှုရဲ့ ၂၇ ရာခိုင်နှုန်းဟာ ညပိုင်းအချိန်တွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး တိုက်ပွဲဖြစ်တာမရှိတဲ့ ဒေသတွေကို အိပ်စက်အနားယူချိန် ဗုံးကြဲတာဟာ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်စေသလို အထိအခိုက်များစေဖို့ ရည်ရွယ်တာလို့ သုံးသပ်ကြပါတယ်။

ရေဦးအနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ကိုထူးခန့်ဇော်က “လက်ရှိ နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိဆိုရင် မြေပြင်မှာပေါ့နော်။ လက်ရှိ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် သေဆုံးသူဦးရေက နေ့တိုင်းလိုလို ၅ ဦး၊ ၁၀ ဦး နေ့တိုင်းလိုလိုပဲ သေဆုံးနေတယ်ဗျ။ ဒါ အရပ်သား ပြည်သူတွေချည်းပဲ၊ PDF တယောက်မှ မပါဘူး။ ညပိုင်းအချိန်တွေမှာ လေကြောင်းတိုက်ခိုက်တာက ဖိုက်တာ ၃ စီး၊ ၄ စီး၊ ၅ စီး အဲလိုတက်လာပြီးတော့ ညှပ်ပြီးမှ ဒီ အရပ်သား ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ များသောအားဖြင့် ညပိုင်းအချိန်တွေမှာ တိုက်ခိုက်တယ်ဗျ” လို့ ပြောပါတယ်။

ဒီဇင်ဘာလထဲ စစ်တပ်က စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်ဒေသတွေကို အဓိကထား ဗုံးကြဲပေမဲ့ စစ်ကိုင်းတိုင်းဟာ ၄၂ ရာခိုင်နှုန်းနဲ့ အများဆုံး ဗုံးကြဲခံရတဲ့ဒေသ ဖြစ်သလို အရပ်သား သေဆုံးမှုကလည်း ထိပ်ဆုံးက ဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းထဲ ဗုံးမကျဘူးတဲ့မြို့နယ် မရှိပေမဲ့ အဓိကအနေနဲ့ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ရေဦး၊ ဒီပဲယင်း၊ ဘုတလင်၊ တန့်ဆည်၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တွေက နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလအထိ အများဆုံး တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေဘက်က တန်ပြန် တိုက်ကွက်ဖော်တာနဲ့ ရွေးကောက်ပွဲကြောင့် ပါသလို စစ်ရေး၊ နိုင်ငံရေးအရ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို အကြောက်တရားနဲ့ ဖိအားပေးချင်တာကြောင့် အခုလို ဗုံးကြဲနေတာလို့ MDSI ပြောခွင့်ရသူ CDM ဗိုလ်မှူး ကိုနောင်ရိုးက သုံးသပ်ပါတယ်။ ဒါကြောင့် မြေပြင်စစ်ဆင်ရေးတွေလည်း ပြုလုပ်လာနိုင်တယ်လို့ သူက သတိပေးပါတယ်။

“အထူးသဖြင့် တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း တကြောတွေမှာ သူတို့ မြေပြင်စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်တာမျိုးတွေ ရှိလာနိုင်တယ်ပေါ့နော်။ ဧရာဝတီမြစ်ကြောင်းနဲ့ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း ထိစပ်နေတဲ့ မဟာဗျူဟာ အရေးကြီးတဲ့ အထက်ပိုင်းနေရာတွေကတော့ စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့နည်းတူ မြေပြင်စစ်ဆင်ရေးတွေလည်း သူတို့ တိုးမြှင့်လုပ်ဆောင်လာနိုင်တဲ့ အနေအထား ရှိနိုင်တယ်လို့တော့ ကျနော်တို့ သုံးသပ်တယ်ပေါ့။”

အခု မဲပုံးမရောက်ခင် ဗုံးအရင်ရောက်နေတဲ့ စစ်ကိုင်းတိုင်း မြို့နယ်တွေထဲ ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်နဲ့ ရေဦးမြို့နယ်တွေကို စစ်တပ်က ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၂ ပြုလုပ်ဖို့ ကြေညာထားပါတယ်။

ဒါပေမဲ့ အခုချိန် မဲပေးရမယ့်ပြည်သူတွေ ဗုံးခိုကျင်းတွေ တူးနေရသလို တချို့မြို့နယ်တွေမှာ သောင်းနဲ့ချီပြီး စစ်ရှောင်နေရတာကြောင့် စစ်တပ်ဟာ စစ်ကိုင်းတိုင်းထဲမှာတော့ မြို့ပေါ်ကွက်ကွက်တွေမှာပဲ ရွေးကောက်ပွဲ လုပ်နိုင်လိမ့်မယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013