
ဘရာဇီးနိုင်ငံရဲ့ အကျဉ်းစံ သမ္မတဟောင်း ဂျိုင်ရ် ဘော်လ်ဆိုနာရိုဟာ ဇန်နဝါရီ ၆ ရက်က အိပ်ပျော်နေရင်း လဲကျကာ ခေါင်းကို ထိသွားပြီးနောက် စစ်ဆေးမှုတွေ ခံယူရဖို့ ဆေးရုံပို့လိုက်ရကြောင်း သူ့ဇနီးက အင်စတာဂရမ် လူမှုမီဒီယာပို့စ်မှာ ပြောပါတယ်။
အသက် ၇၀ အရွယ် လက်ယာယိမ်းခေါင်းဆောင် ဘော်လ်ဆိုနာရိုဟာ ဇန်နဝါရီ ၁ ရက်က အူကျရောဂါနဲ့ ကြို့ထိုးတာကို ကုသဖို့ ဆေးဖက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ခံယူခဲ့ပြီးနောက်မှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပြီး အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရကြောင်း ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။
အဲဒီနေ့အစောပိုင်းက ဘော်လ်ဆိုနာရိုရဲ့ ရှေ့နေတွေဟာ သမ္မတဟောင်းကို “လူသားချင်း စာနာထောက်ထားမှုအရ နေအိမ်အကျယ်ချုပ်” နဲ့ ပြစ်ဒဏ်ကျခံခွင့်ပြုပေးဖို့ တောင်းဆိုမှုကို တရားရုံးချုပ် တရားသူကြီး အာလက် ရှန်းဒရီး ဒီမိုးရာ့စ်က ပယ်ချခဲ့ပါတယ်။
“တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ လိုအပ်တဲ့ ဆေးဖက်ဆိုင်ရာ ခွင့်ပြုချက်ကို ရရှိပြီးနောက်မှာ ဘော်လ်ဆိုနာရိုဟာ ဖက်ဒရယ်ရဲတပ်ဖွဲ့ အုပ်ချုပ်ရေးဌာနမှာ သူ့ရဲ့ထောင်ဒဏ်ကို ဆက်လက်ထမ်းဆောင်ဖို့ ပြန်သွားရမယ်” လို့ အမိန့်ထုတ်ပြန်ထားပါတယ်။
၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ အခမ်းအနားတခုအတွင်း ဝမ်းဗိုက်မှာ ဓားထိုးခံခဲ့ရဖူးတဲ့ ဘော်လ်ဆိုနာရိုဟာ တိုက်ခိုက်မှုနဲ့ဆက်စပ်ပြီး ဆေးရုံတက်ခြင်းနဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိထားပါတယ်။
သမ္မတဟောင်း ဘော်လ်ဆိုနာရိုဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ခွဲစိတ်ကုသမှုတွေအတွက် ဆေးရုံတက်ခဲ့ရပြီး အဲဒီခွဲစိတ်မှုတွေကို သူ့ရဲ့ရှေ့နေတွေဆီက တောင်းဆိုချက်အရ တရားရုံးချုပ် တရားသူကြီး ဒီမိုးရာ့စ်က ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










