DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံးမှာ မြန်မာကို တရားစွဲထားတဲ့အမှု ကြားနာပွဲကနေ  ဘာတွေဖြစ်လာနိုင်မလဲ 
DVB
·
January 7, 2026
ICJ တရားရုံးမှာ မြန်မာကို တရားစွဲထားတဲ့အမှု ကြားနာပွဲကနေ  ဘာတွေဖြစ်လာနိုင်မလဲ 
Donate to DVB

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့အမှုကို ဇန်နဝါရီ ၁၂ ရက်ကစပြီး ပြန်လည်ကြားနာတော့မှာပါ။

ဒီတခေါက်ကြားနာမှုနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်ပါသလဲ၊ ICJ စီရင်ချက်ကတဆင့် မြန်မာနိုင်ငံအပေါ် လက်တွေ့ကျတဲ့ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုကို လာမဲ့ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာသွားမှာပါ။

အဲဒီလို ကြားနာရာမှာ နှစ်နိုင်ငံ လျှောက်လဲချက်တွေ ပေးတာနဲ့ သက်သေတွေကို တံခါးပိတ် ကြားနာတာတွေ လုပ်သွားမယ်လို့ တရားရုံးဘက်က ထုတ်ပြန်ထားပါတယ်။

ဒီတခေါက်ကြားနာမှုဟာ နောက်ဆုံး အဆုံးအဖြတ်အဖြေ ထွက်ပေါ်လာဖို့ အရေးကြီးတယ်လို့ အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ယူကေနိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးထွန်းခင်က ဆိုပါတယ်။

“အခုကတော့ နောက်ဆုံးလျှောက်လဲချက်ပေါ့နော်။ ဒီနေရာမှာ တရားရုံးက သက်သေတွေကို တံခါးပိတ်ပြီးတော့ စစ်ဆေးမေးမြန်းတာတွေ ရှိမယ်ဆိုတာလည်း ကျနော်တို့ ကြားသိရတော့ ဒါက အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒီတခေါက် ကြားနာစစ်ဆေးမှု ပြီးသွားရင် နောက် ၇ လ၊ ၈ လ၊ အလွန်ဆုံး ၁ နှစ်အတွင်းမှာတော့ ဒီအမှုကတော့ အဆုံးအဖြတ်၊ နောက်ဆုံး အဖြေ ထွက်လာပါလိမ့်မယ်။”

အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ ကိုဇော်ဝင်း ကလည်း ဒီကြားနာမှုဟာ ဆယ်စုနှစ်တခုအတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် မြန်မာအစိုးရရဲ့ တာဝန်နဲ့ ဖြစ်နိုင်ချေရှိတဲ့ လျော်ကြေးတွေကို ဆုံးဖြတ်ဖို့အတွက် အဓိကကျတယ်လို့ ဆိုပါတယ်။

“ICJ စီရင်ချက်ကနေ တဆင့် လက်တွေ့ကျတဲ့ တရားမျှတမှုက ဘယ်လိုပုံစံမျိုး ဖြစ်လာနိုင်လဲဆိုရင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအပေါ် ဦးစီးတဲ့ ဂမ်ဘီယာနဲ့ မြန်မာအမှုကို ICJ နေပြီးတော့ လက်တွေ့ တရားမျှတမှုဖြင့် အပြစ်စီရင်မှုများအပေါ် အာရုံစူးစိုက်ထားပြီးတော့ ICJ ဟာ မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကွန်ဗန်းရှင်းကို ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အတွက်ကြောင့် နိုင်ငံတော်တခုလုံး တာဝန်ခံမှုအပေါ် အလေးပေးထားတယ်။ ဒါ့အပြင် တရားစီရင်ရေးလမ်းကြောင်း မဟုတ်တဲ့ လမ်းကြောင်းတွေလည်း ရှိပါတယ်ဗျ။ ဥပမာဆိုရင် မြန်မာနိုင်ငံက ဆိုပါစို့ ICJ မှာ အမှုရှုံးနိမ့်သွားတယ်ဆိုရင် နိုင်ငံတကာ ပိတ်ဆို့မှုတွေ၊ လူမျိုးရေး ဖိအားပေးမှုတွေ၊ လျော်ကြေးပေးဆောင်ဖို့ လှုပ်ရှားမှုတွေ အပါအဝင် အများကြီး ဖြစ်လာနိုင်တာပေါ့နော်။ ဥပမာ ICJ ရဲ့ တရားဝင် စစ်ဆေးချက်ပေါ့နော်၊ စစ်တပ်ကို ရာဇဝတ်ဂိုဏ်းအဖြစ် သတ်မှတ်စေတာပေါ့နော်။ ဒါ့အပြင် တော်လှန်ရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံမှာ တရားဝင်မှုအဖြစ် ပြောင်းလဲစေမှာပေါ့နော်။”

ဒါပေမဲ့လည်း မြန်မာစစ်တပ်က ဒီလို ဆုံးဖြတ်ချက်တွေ မလိုက်နာတာကြောင့် လက်တွေ့ အကောင်အထည်ဖော်မှုတွေဟာ နှေးကွေးနိုင်တာကိုလည်း သတိထားဖို့ လိုပါတယ်လို့ သူက ဆိုပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး အဲဒီစစ်ဆင်ရေးမှာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တဲ့ လုပ်ရပ်တွေ ပါဝင်နေတယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ကောက်ချက်ချခဲ့ပါတယ်။

မြန်မာနိုင်ငံကတော့ ဒီတွေ့ရှိချက်တွေဟာ ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေတယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာ လက်နက်ကိုင် သူပုန်တွေကိုသာ ဦးတည်လုပ်ဆောင်ခဲ့တာပါဆိုပြီး မြန်မာဘက်က ပြောကြားထားတာလည်း ဖြစ်ပါတယ်။

စစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပြီးတော့ ကျူးလွန်ခြင်း မရှိခဲ့ကြောင်း ဝါဒဖြန့် မှိုင်းတိုက်တာတွေ ရှိခဲ့ပေမဲ့လည်း ၂၀၂၁ အာဏာသိမ်းချိန်ကစလို့ စစ်တပ်ဟာ ဘယ်လောက်ထိ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာကို အားလုံးက သိလာခဲ့တယ်လို့ ဦးထွန်းခင်က ဆိုပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတခု တည်ဆောက်ဖို့ ဒီဝါဒမှိုင်းတွေ ဖယ်ရှားဖို့ လိုတယ်လို့လည်း မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးထွန်းခင်က ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အကြမ်းဖက်ခဲ့တာနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ ICJ မှာ တရားစွဲခဲ့တာဖြစ်ပါတယ်။

အဲဒီစွပ်စွဲချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၂၀၁၉ ခုနှစ်တုန်းက ICJ တရားရုံးကို သွားရောက်လျှောက်လဲ ငြင်းဆိုခဲ့ပေမဲ့ တရားရုံးကတော့ အဲဒါတွေကို ပယ်ချပြီး သက်သေတွေ မဖျောက်ဖျက်ဖို့ အပါအဝင် ကြိုတင်ကာကွယ်မှုဆိုင်ရာ အစီအမံတွေ ချမှတ်ပေးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဒုတိယအကြိမ် ကြားနာပွဲလုပ်ပြီး အဲဒီတုန်းက တက်ရောက်တဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်ကလည်း ဂမ်ဘီယာက တရားစွဲခွင့်မရှိ စတဲ့အချက်တွေနဲ့ ငြင်းဆိုခဲ့ပေမဲ့ အဲဒါအားလုံးကို တရားရုံးက ပယ်ချခဲ့ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013