DVB Logo
Home
မြန်မာသတင်း
မင်းကင်းနယ် သင်တောရွာရှိ ဆေးခန်းပိတ်ပြီးနောက် ဒေသခံများ ဆေးကုရန် ခက်ခဲ
DVB
·
January 7, 2026
မင်းကင်းနယ် သင်တောရွာရှိ ဆေးခန်းပိတ်ပြီးနောက် ဒေသခံများ ဆေးကုရန် ခက်ခဲ
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သင်တောရွာက CDM ဆေးရုံအုပ် ဒေါက်တာ ခင်သူသူလွင်ရဲ့ ဆေးခန်း ပိတ်လိုက်ရပြီးနောက် မြို့ပေါ်တက် ဆေးကုရတဲ့ ဒေသခံတွေကို စစ်ကောင်စီဘက်က စစ်ဆေးရေးတင်းကျပ်တာတွေ လုပ်နေတဲ့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CDM ဆေးရုံအုပ် ဒေါက်တာ ခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က လက်နက်နဲ့ ငွေကြေး ပြန်မအပ်လို့ဆိုပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ အမှုဖွင့် ဖမ်းဆီးပြီးနောက် သင်တောရွာကဆေးခန်း ပိတ်လိုက်ရပြီး ဒေသခံတွေဟာ မြို့ပေါ်တက် ဆေးကုနေရတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က ”ဆရာဝန်ကြီးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အခါကျတော့ ဘယ်သူမှ မလာရဲတော့ဘူး။ အထူးသဖြင့် ဒေသခံတွေက လက်နက်ရှိတဲ့သူတွေကို ကြောက်လန့်တယ်။ ဆရာဝန်ကြီးဆီမှာ မွေးလူနာတွေ မွေးပေးတယ်။ ဆရာဝန်ကြီးက ပြန်မရောက်လာတဲ့အခါကျတော့ မွေးလူနာတွေက တချို့ မုံရွာသွားရတဲ့သူရှိတယ်၊ ကလေးဝသွားရတဲ့သူရှိတယ်၊ တချို့ ကလေးမြို့ သွားရတဲ့သူရှိတယ်။ ကလေးဝတို့၊ ကလေးတို့၊ မုံရွာတို့ သွားရတဲ့အခါမှာ ရေလမ်းကနေ သွားရတယ်။ ပြီးမှ စစ်ကောင်စီဂိတ်တွေကို ဖြတ်ရတဲ့အခါမှာ မြစ်ရိုးအထက်၊ မြစ်ရိုးအောက်က လူတွေကို တအားရစ်တယ်။ စိတ်ပင်ပန်းတယ်၊ လူပင်ပန်းတယ်။ ဆရာဝန်ကြီးသာ ရှိမယ်ဆိုရင် မွေးလူနာတွေလည်း ဆရာဝန်ကြီးဆီ သွားလို့ရတယ်။ အခု ပွဲတွေမှာ ထိခိုက်ဒဏ်ရာရလာတဲ့ ကလေးတွေဆိုရင် ဆရာဝန်ကြီး မရှိတဲ့အတွက်ကြောင့် ဘုတလင်နယ်ဘက်၊ ကနီနယ်ဘက်ကို သွားရတယ်။ အဲဒီလိုမျိုးဆိုရင် ခက်ခဲပါတယ်။ ပြီးရင် ဆရာဝန်ကြီးဆီမှာ ပြနေတဲ့လူနာတွေ ရှိတယ်။ အဲဒီလူနာတွေ ဆေးရရှိမှုတွေ၊ နောက်တကြိမ် သွားရောက်ပြသမှုတွေအတွက် အများကြီး ခက်ခဲရပါတယ်” လို့ ပြောပါတယ်။

မြို့ပေါ်တက် ဆေးကုသနေရတဲ့ ဒေသခံတွေကို စစ်ကောင်စီက မှတ်ပုံတင်စစ်ဆေးတာ၊ သွားရောက်မဲ့နေရာကို မေးမြန်းတာ၊ ရွာမှာ PDF တွေကို လက်ခံပြီး ထောက်ပို့လုပ်လား ဆိုတာနဲ့ တည်းခိုမဲ့ အိမ်လိပ်စာတွေကို တောင်းယူတာတွေ လုပ်သလို စစ်ဆေးရေးဂိတ်တွေမှာ အချိန်အကြာကြီးထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေဟာ မြို့ပေါ်တက် ဆေးကုသဖို့ ၈ နာရီကြာ သွားလာနေကြရတာဖြစ်ပြီး ဖျားနာရောဂါ ဖြစ်လာရင်လည်း ၃ ညအိပ် ဆေးရုံတက် ကုသရတာမျိုးအထိ ရှိနေတဲ့အတွက် ဆေးခန်းကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးဖို့ လိုလားနေကြပါတယ်။

နောက်ထပ် ဒေသခံတယောက်က ”ကျနော်တို့ကျေးရွာကို လာကုတဲ့ လူနာတွေကတော့ မင်းကင်းနယ် မြစ်ရိုးအောက်ဒေသ၊ မြစ်ရိုးအထက်ဒေသ အားလုံးက လာကုကြတာပါဗျာ။ ဆရာမ လွတ်မြောက်ဖို့ ကျနော်တို့ ဒေသခံတွေအနေနဲ့ ဝိုင်းဝန်းဆုတောင်းနေရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူးဗျ။ ဒေသခံ တနယ်လုံးဟာ ဝမ်းနည်းပက်လက်နဲ့ ခံစားနေကြရတာပါ။ အားလုံး ဆုတောင်းပေးရုံကလွဲလို့ လွတ်မြောက်ဖို့အတွက်ကို ဘာမှကူညီဆောင်ရွက်နိုင်တာ မရှိပါဘူးခင်ဗျ” လို့ ပြောပါတယ်။

ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်ကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တာဝန်ကနေ ရပ်နားပြီးချိန်မှာ လုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေ၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို မရှင်းလင်းခဲ့ဘူးလို့ ဆိုကာ အရေးယူထားတာလို့ သိရပါတယ်။

CDM ဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်သူသူလွင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013