
ရန်ကုန် မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက် ဗိုလ်ဗထူးလမ်းမပေါ် မဟာဂန္ဓာရုံ ဘုန်းကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ဝိဇ္ဇာနည်းနဲ့ ဆေးကုပေးနေတဲ့ ပရဟိတနေလင်းအောင် ဆေးကုခန်းကို အောက်တိုဘာ ၁၁ ရက်မှာ စစ်တပ်က ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ဆေးလာကုတဲ့သူတွေကို ခြေထောက်နဲ့ကန် ဇက်ပိုးတွေရိုက်တဲ့ ရုပ်သံကို ဝေဖန်မှုသူတွေ များလာပြီးနောက် ဆေးကုခန်းကို စစ်တပ်နဲ့ မြို့နယ်အာဏာပိုင်တွေက ပိတ်ခဲ့တာလို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“ဆေးလာကုတဲ့သူတွေကို ခြေထောက်နဲ့ကန်တယ်၊ ဇက်ပိုးတွေရိုက်တယ်၊ အဲ့ဗီဒီယို လိုင်းပေါ်ရောက်သွားပြီး ဝေဖန်ကြတယ်။ နောက်ပိုင်း ဆေးကုခန်းကို စစ်ဆေးဖို့၊ ပိတ်ဖို့ ပြောလာကြတယ်။ ပြောတဲ့အထဲမှာ ဆရာဝန်တွေ များတယ်။”
တရက်ကို လူဦးရေ ၁,၀၀၀ ကျော်လောက်ကို ထမင်းကျွေးကာ အခမဲ့ဆေးကုပေးနေတဲ့ ပရဟိတနေလင်းအောင် ဆေးကုခန်းကို ပိတ်လိုက်တာကြောင့် ဆေးလာရောက်ကုသူတွေအနေနဲ့ ခက်ခဲသွားတယ်လို့ ဆေးကုနေသူတယောက်က ပြောပါတယ်။
“ခြေထောက်နဲ့ကန်တာ မဟုတ်ပါဘူး၊ ခါးနာနေတဲ့သူတွေကို ဒူးနဲ့တိုက်တာပါ။ ဆေးကုပေးတာ အခမဲ့ပါ၊ ပိုက်ဆံ လုံးဝမယူဘူး။ ထမင်းကျွေးတယ်။ ဆေးလာကုတဲ့သူတွေလည်း မနည်းဘူး။ ဘယ်ဆေးရုံ၊ ဆေးခန်းမဆို ချက်ချင်းကုလို့ပျောက်တယ် ဆိုတာမရှိဘူး။ ပိတ်လိုက်တော့ မရှိလို့ အဝေးက ဆေးလာကုတဲ့သူတွေ နစ်နာသွားတယ်။”
ဆေးကုသခွင့်လိုင်စင်၊ တိုင်းရင်းဆေးလက်မှတ်မရှိဘဲ ဆေးကုတာဟာ မသိနားမလည်တဲ့ ပြည်သူတွေအတွက် ဘေးထွက်ဆိုးကျိုး အများကြီးရှိတယ်လို့ ဆရာဝန်တယောက်က DVB ကို ပြောပါတယ်။
“ဘယ်လိုပုံစံနဲ့ကုကု ဆေးကုမယ်ဆိုရင် လိုင်စင်ရရှိရမယ်။ တိုင်းရင်းဆေးဆိုလည်း လက်မှတ်ရှိရမယ်။ ကျနော်တို့နိုင်ငံမှာက ဓာတ်လိုလို၊ နတ်လိုလိုနဲ့ ဆေးကုသူများတယ်။ ဒါက ရေရှည်မှာ မသိနားမလည်တဲ့ ပြည်သူတွေအတွက် အန္တရာယ်ရှိတယ်။ အဲလို ဆေးကုလို့ရရင် ဆရာဝန်တွေ ဆေးကျောင်းကို အချိန်ကုန်ခံပြီး ဘယ်တက်တော့မလဲ။”
ဒီလိုဝေဖန်ပြောဆိုမှုအပေါ် ပရဟိတဆရာနေလင်းအောင်က သူဆေးကုသတာဟာ အထက်ပုဂ္ဂိုလ်တွေရဲ့ ညွှန်ကြားချက်အရ ဝိဇ္ဇာဓာရနည်းနဲ့ ဆေးကုတာလို့ သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ပြန်လည် ဖြေရှင်းထားပါတယ်။
ပရဟိတနေလင်းအောင် ဆေးကုတာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁ ရက်က စတင်ကာ ကျန်းမာရေးအသိုက်အဝန်းက ဆေးကုခန်းကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
မဟာဂန္ဓာရုံဘုန်းကြီးကျောင်းမှာ ဆေးကုခန်း ဖွင့်လှစ်ထားတာကြောင့် သာသနာရေးနဲ့ မအပ်စပ်ဘူး ဆိုပြီး မြို့နယ်အာဏာပိုင်တွေက ပိတ်ခိုင်းထားပါတယ်။
လတ်တလောမှာ ဆေးကုသမှုကို ရပ်နားထားကာ အချိန်တခုရောက်ရင် ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ပရဟိတနေလင်းအောင်က ပြန်လည်ပြောဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အထက်ပုဂ္ဂိုလ်တွေရဲ့ အမိန့်အရဆိုကာ ဝိဇ္ဇာဓာရနည်းနဲ့ ဆေးကုသသူတွေထဲမှာ သရုပ်ဆောင် ထူးခန့်ကျော်လည်း ပါဝင်ပြီး ရန်ကုန်၊ ပဲခူးနဲ့ မန္တလေးမှာ အလားတူ ဆေးကုသူတွေ ရှိပါတယ်။











