DVB Logo
Home
နိုင်ငံတကာ
စစ်ဘက် အရပ်ဘက်သုံး ကုန်ပစ္စည်းတင်ပို့မှု တရုတ်ပိတ်ပင်ခြင်းကို လက်မခံဟု ဂျပန်ပြော
DVB
·
January 7, 2026
စစ်ဘက် အရပ်ဘက်သုံး ကုန်ပစ္စည်းတင်ပို့မှု တရုတ်ပိတ်ပင်ခြင်းကို လက်မခံဟု ဂျပန်ပြော
Donate to DVB

စစ်ရေးရည်ရွယ်ချက်တွေအတွက်ပါ သုံးနိုင်တဲ့ စစ်ဘက် အရပ်ဘက် နှစ်ထပ်သုံးပစ္စည်းတွေ တင်ပို့မှုကို ပိတ်ပင်ဖို့ တရုတ်နိုင်ငံက မကြာသေးမီက ကြေညာခဲ့တဲ့ အစီအမံတွေဟာ လုံးဝလက်မခံနိုင်စရာဖြစ်ပြီး အလွန်ဝမ်းနည်းစရာ ကောင်းတယ်လို့ ဂျပန် ထိပ်တန်း အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။

တရုတ်ရဲ့ ဒီလုပ်ရပ်ဟာ ဂျပန်ဝန်ကြီးချုပ် စာနာအဲ တာကာအိချိရဲ့ နိုဝင်ဘာလအစောပိုင်းက ထိုင်ဝမ်နဲ့ပတ်သက်တဲ့ မှတ်ချက်အပေါ် တရုတ်ပြည်မကြီးအစိုးရရဲ့ နောက်ဆုံးတုံ့ပြန်မှု ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တရုတ်အစိုးရဆီမှာ အစီအမံကို ပြင်းပြင်းထန်ထန် တရားဝင် ကန့်ကွက်ခဲ့ပြီး ရုပ်သိမ်းဖို့ တောင်းဆိုခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မိနိုရု ခိဟာရက ပြောပါတယ်။

ဂျပန်အစိုးရမှာ အစီအမံတွေရဲ့ အတိုင်းအတာနဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး မရှင်းလင်းတဲ့အချက်တွေ အများကြီးရှိလို့ အစီအမံတွေရဲ့ သက်ရောက်မှုကို ဂရုတစိုက် စစ်ဆေးမယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။

ဒီအစီအမံတွေဟာ ဂျပန်နိုင်ငံကိုသာ ပစ်မှတ်ထားပြီး “နိုင်ငံတကာ လုပ်ရိုးလုပ်စဉ်ကနေ သိသိသာသာ သွေဖည်နေတယ်” လို့လည်း ဂျပန်က ပြောခဲ့ပါတယ်။

နှစ်မျိုးသုံးပစ္စည်းတွေ ဆိုတာဟာ ဒရုန်းတွေနဲ့ ချစ်ပ်တွေလုပ်ဖို့ မရှိမဖြစ်လိုတဲ့ ရှားပါးဒြပ်စင်တချို့ အပါအဝင် အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အသုံးချမှု နှစ်မျိုးလုံးရှိတဲ့ ကုန်ပစ္စည်းတွေ၊ ဆော့ဖ်ဝဲတွေနဲ့ နည်းပညာတွေ ဖြစ်ပါတယ်။

စစ်ဘက်အသုံးပြုသူတွေဆီ ဒါမှမဟုတ် ဂျပန်ရဲ့ စစ်ရေးအင်အားကို အထောက်အကူပြုတဲ့ ဘယ်ရည်ရွယ်ချက်အတွက်မဆို ဒီပစ္စည်းတွေ တင်ပို့မှုကို ချက်ချင်းတားမြစ်ထားပြီး တားမြစ်ချက်ကို ချိုးဖောက်တဲ့ ဘယ်နိုင်ငံ၊ ဘယ်ဒေသက အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တွေမဆို ဥပဒေအရ တာဝန်ရှိမယ်လို့ တရုတ်ရဲ့  ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီနည်းကျအုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်ရဲ့တိုက်ခိုက်မှုဟာ ဂျပန်အတွက် တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှုတရပ်အဖြစ် သတ်မှတ်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောခဲ့ပြီးနောက်ပိုင်း တရုတ်နဲ့ ဂျပန်အစိုးရတို့ကြား ဆက်ဆံရေး ယိုယွင်းလာခဲ့တာပါ။

ဒီမှတ်ချက်ဟာ ရန်လိုတဲ့မှတ်ချက်ဖြစ်တယ်လို့ တရုတ် ပြည်မကြီးအစိုးရက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို သူ့နယ်မြေ အစိတ်အပိုင်းတခုအဖြစ် သတ်မှတ်ပြီး ထိုင်ဝမ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013