
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ သင်္ကြန်အကြတ်နေ့က ရာအိမ်မှူးတယောက် ဦးဆောင်တဲ့ လူအုပ်တစုက တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်ခဲ့တဲ့ အထက်တန်းရှေ့နေ ဦးကျော်ဇင်ဆိုင်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧပြီ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ဦးကျော်ဇင်ဆိုင်ဟာ ဇနီးဖြစ်သူကို ကလောသင်္ကြန်ဗဟိုမဏ္ဍပ် ပို့ဆောင်ပြီးနောက် အပြန်ခရီးမှာ ရိုက်နှက်ခံခဲ့ရ တာပါ။
ကလောမြို့၊ ရပ်ကွက် ၄၊ ဘူတာလမ်းရှိ ဆိုင်ရှေ့တနေရာမှာ ရေကစားသူတွေကြောင့် ယာဉ်အရှိန်လျှော့ မောင်းနှင်နေစဉ် နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့ ဇနီးမောင်နှံက ကားကို ရပ်ခိုင်းကာ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း စွပ်စွဲခဲ့ပေမဲ့ ဦးကျော်ဇင်ဆိုင်က တိုက်မိခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
အဲဒီအချိန်မှာ အရက်သောက်ထားတဲ့ လူတချို့ ထပ်မံရောက်ရှိလာပြီး “လွှတ်တော်ကိုယ်စားလှယ်ကြီးပဲကို” လို့ လှောင်ပြောင်ပြောဆိုကာ ကားကို ခဲတွေနဲ့ထုဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဦးကျော်ဇင်ဆိုင်က ရဲစခန်းကို ဆက်သွယ်ဖို့ ကြိုးစားနေစဉ် ရပ်ကွက် ၃ ရာအိမ်မှူး ဦးမောင်ငွေက လူအုပ်ကို တိုက်ခိုက်ဖို့ အော်ဟစ်စေခိုင်းခဲ့ကြောင်း သိရပါတယ်။
“ငါက ရပ်ကွက် ၃ ရာအိမ်မှူးပဲ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးကို ဝိုင်းထိုးကြကွာ” လို့ လူအုပ်ကို အော်ဟစ်စေခိုင်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။
အဲဒီနောက် လူ ၅ ယောက်ခန့်က ဦးကျော်ဇင်ဆိုင်ကို ဝိုင်းဝန်းရိုက်နှက် ကန်ကျောက်ခဲ့လို့ မျက်နှာပိုင်း အပါအဝင် ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒေသခံတယောက်က “အဲဒီလို လူအုပ်လိုက် ဝိုင်းရိုက်တာမျိုးက မဖြစ်သင့်တဲ့အရာပါ၊ တရားဥပဒေ မရှိသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ ဦးကျော်ဇင်ဆိုင်ကို ပတ်ဝန်းကျင်ရှိ ပြည်သူတွေက ကလောပြည်သူ့ဆေးရုံကို အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတချို့က လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ဆက်စပ်တဲ့ အမြင်မတူညီမှုများကြောင့် ဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။










